မြိတ် ၁၇ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ဆိုက်ရောက်ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအားလုံး ယာဉ်မှကုန်တင်ကုန်ချပြုလုပ်နေစဉ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တခြားနေရာများသို့ သွားလာခြင်းမရှိစေရန် မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ညွှန်ကြားချက်ထုတ်ပြန်ထားရှိပြီး ယာဉ်အသင်းများအား စက်တင်ဘာ ၁၆ ရက်က အသိပေးရှင်းလင်းခဲ့သည်။
“ဝင်လာတဲ့ကားများကို ချက်ချင်းပြန်ထွက်မယ့်ကားတွေကို ချက်ချင်းပစ္စည်းချပြီးတာနဲ့ ပြန်ထွက်လို့ရတယ်။ ဒီမှာ တစ်ညအိပ်မယ့်ကားတွေကတော့ အဝေးပြေးကားဝင်းသစ်ရှိ သတ်မှတ်ထားတဲ့ အခန်း(၂)ခန်းမှာ ညအိပ်ဖို့ စီစဉ်ထားပါတယ်” ဟု မြို့နယ်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်သူ က ပြောသည်။
ဆိုက်ရောက်ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအားလုံး ယာဉ်မှကုန်တင်ကုန်ချ ပြုလုပ်နေစဉ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တခြားနေရာများသို့ သွားလာခြင်းမပြုရန် ယာဉ်အသင်းများအား ကားဝင်းနားနေဆောင်တွင် မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။
“အဝေးပြေးကုန်သည်ယာဉ်များအသင်းမှ မြို့နယ်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီနဲ့ပူးပေါင်းပြီး ကျွဲကူး-ကျောက်ဖျာတံတား စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမယ်။ စစ်ဆေးပြီးတဲ့အခါမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေနဲ့ အဝေးပြေးကားဝင်းအသစ်ကို ဝင်လာမယ်။ အဝေးပြေးကားဝင်းအသစ် သတ်မှတ်နေရာကို ဝင်ရောက်မယ်။ ဝင်ရောက်ပြီးတဲ့အခါမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို သီးသန့်ထားမယ်။ ကားတွေကို ကုန်ချမယ့်အဖွဲ့တွေက ဆက်ချသွားမယ်။ ကုန်ချပြီးရင် ကုန်ပြန်တင်မယ်။ ကုန်ပြန်တင်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုခေါ်ပြီး ကားပေါ်တင် ပြန်လည်မောင်းထွက်နိုင်မယ်”ဟု မြိတ်ခရိုင် အဝေးပြေး ကုန်သည်ယာဉ်ကြီးများအသင်းဉက္ကဋ္ဌ ဦးသန့်ဇင်ဦးက ပြောသည်။
မြိတ်မြို့သို့ ဆိုက်ရောက်ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှ ဒေသခံများလည်း ၎င်းတို့၏ နေအိမ်များသို့ သွားရောက်ခြင်းမပြုဘဲ သတ်မှတ်ထားသည့်နေရာ၌သာ နေထိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာ ကုန်တင်ယာဉ်အသင်း (၂၂)သင်းရှိကြောင်း မြိတ်ခရိုင် အဝေးပြေး ကုန်သည်ယာဉ်ကြီးများအသင်းမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


