နေပြည်တော် ၃ စက်တင်ဘာ
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်လွယ်အခြေအနေတွင်ရှိသော အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းက စာရင်းပေးပို့လာသည့် ရပ်တည်ရန်ခက်ခဲသည့် အမျိုးသမီးများနှင့် “မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီ” က စာရင်းပေးပို့သည့် ထောက်ပံ့မှုအထူးလိုအပ်သော မသန်စွမ်းအမျိုးသမီးများအတွက် ငွေကြေးလွှဲပြောင်းထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးရုံး၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူချုပ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်း၊ အမျိုးသမီးများ၊ အမျိုးသမီးမသန်စွမ်းသူများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများ လျော့နည်းနိုင်သမျှ လျော့နည်းစေရန် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအစီအစဉ်ထဲတွင် လူမှုကာကွယ်စောင့်ရှောက်ရေးကိစ္စများ ပါဝင်ပြီး ထိခိုက်လွယ်အုပ်စုများအတွက် ဦးစားပေး ပံ့ပိုးကူညီမှုများဆောင်ရွက်ပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများမှာ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများပါဝင်ပါကြောင်း၊ ယခုလိုကာလ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာချိန်တွင် မိသားစုတစ်ခုကို ဦးဆောင်ရသည့် အမျိုးသမီးများအနေဖြင့် လုံလောက်သည့်ဝင်ငွေ မရရှိနိုင်တော့သဖြင့် အစိုးရက ပံ့ပိုးကူညီရခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိပြီး ဒီမိုကရေစီ စံနှုန်းနှင့်ကိုက်ညီအောင် ကြိုးပမ်းလျက်ရှိကြောင်း၊ ခွဲခြားဆက်ဆံမှုမရှိဘဲ အားလုံးသာတူညီမျှခံစား ရရှိရေးကို ဦးတည်ပါကြောင်း။
အဆိုပါကိစ္စကို ကိုဗစ်-၁၉ ကာလတွင် ပို၍အလေးထားရပါကြောင်း၊ ယနေ့ပါဝင်ဆောင်ရွက်သည့် မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းသည်ရပ်တည်ရန် ခက်ခဲသော အမျိုးသမီးများအား အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ထိုအမျိုးသမီးများထဲတွင် ကာကွယ်စောင့်ရှောက်ဖို့လိုအပ်သော၊ မသန်စွမ်းသော၊ ပဋိပက္ခဒေသများအတွင်း နေထိုင်ရသော အမျိုးသမီးများနှင့် ကိုဗစ်-၁၉ ကာလအတွင်း လုပ်သားအင်အား လျှော့ချခံရသော အမျိုးသမီးများပါဝင်ကြောင်း၊ ထိုသူများကို စိစစ်၍ ကူညီပံ့ပိုးရန် အခုလို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် မသန်စွမ်းသူများ၏ အခွင့်အရေးများရရှိရေး၊ ရပ်တည်မှုနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ အခမ်းအနားတွင် မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီက စာရင်းပြုစုပေးပို့လာသည့် မသန်စွမ်းအမျိုးသမီးများအတွက် ထောက်ပံ့ပေးမှုလည်းပါဝင်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်အရ သုံးစွဲနေသော ငွေကြေးများသည် အကန့်အသတ်ရှိသော ပြည်သူ့ဘဏ္ဍာငွေများဖြစ်ရာ အကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိရေး၊ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ရရှိခံစားနိုင်ရေးတို့သည် အရေးကြီးကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းတို့က ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပဋိပက္ခလွန်ဒေသများနှင့် ဝေးလံခေါင်ပါးသော ကျေးလက်ဒေသများရှိ ကိုဗစ်-၁၉ ကာလ ရပ်တည်ရန်ခက်ခဲသည့် အမျိုးသမီး (၂၂၄)ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၁၂)သိန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် တာဝန်ရှိသူထံသို့ အလုပ်လုပ်ကိုင်ရန်ခက်ခဲပြီး အထူးလိုအပ်မှုရှိသည့် မသန်စွမ်း အမျိုးသမီး (၃၀၀)တို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း(၁၅၀)တို့ကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


