လွိုင်ကော် ၉ အောက်တိုဘာ 

 

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအား အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးနိုင်ရေးအတွက် အောက်တိုဘာ ၈ ညနေပိုင်းမှစ၍ လွိုင်ကော်မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။


 
ထိုသို့စစ်ဆေးရာတွင် ဦးအောင်ဘိုဘိုလွင် ဧရိယာမန်နေဂျာ၊ မိုက်ခရိုဖိုင်းနန့်ဒယ်လ်တာအင်တာ နေရှင်နယ် ကုမ္ပဏီလီမိတက်နှင့် ဦးနန်းဝင်းဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေါ်ရိုစ့်ရည်မွန် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းများ ယာယီပိတ်သိမ်းခဲ့ရသဖြင့် ထိခိုက်မှုရှိသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ချေးငွေထုတ်ချေးရန် သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ချေးငွေထုတ်ချေးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ချေးငွေများထုတ်ချေးရာတွင် ရင်းနှီးမတည်ငွေကျပ် သိန်း ၁၅၀ အောက်တွင် လုပ်ငန်းလည်ပတ်နေသော ဆိုင်များကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ဆိုင်အရွယ်အစား၊ ချေးငွေပမာဏ သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ မတည်ငွေ ကျပ်သိန်း ၅၀ အထိ ဖွင့်လှစ် ရောင်းချသည့် ဆိုင်ငယ်များအား အများဆုံး ချေးငွေကျပ် ၃၅ သိန်း၊ မတည်ငွေကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ အထိ ဖွင့်လှစ်ရောင်းချသည့် ဆိုင်များအား အများဆုံး ငွေကျပ်သိန်း ၇၀ ၊ မတည်ငွေကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၁၅၀ အထိ ဖွင့်လှစ်ရောင်းချသည့် ဆိုင်များအား အများဆုံး ငွေကျပ်သိန်း ၁၀၀ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ဆိုင်းငံ့ကာလမှာ သုံးလဖြစ်ပြီး ကျန် ကိုးလအတွင်း  သုံးလတစ်ကြိမ် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ပေးဆပ်သွားရမည်ဖြစ်ကြောင်း မိုက်ခရိုဖိုင်းနန့်ဒယ်လ်တာ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ ဧရိယာမန်နေဂျာ ဦးအောင်ဘိုဘိုလွင် ထံမှသိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)