အမာ ၇ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း တစ်နိုင်တစ်ပိုင် ကွမ်းစိုက်ပျိုးခြင်းဖြင့် ဝင်ငွေပုံမှန်ရရှိပြီး မိသားစုများစားဝတ်နေရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းတစ်ထောင်ခြံ တစ်ခြံတွင် လိုအပ်သည့်ကွမ်းခြံတိုင်၊ ကွမ်းညွှန့်များ၊ လုပ်အားခများ အပါအဝင် ငွေကျပ် လေးသိန်းခန့် ရင်းနှီးမြှုပ်နှံထားရပြီး တစ်လခွဲခန့်အကြာတွင် ငွေပေါ် သည့်လုပ်ငန်းဖြစ်သဖြင့် စားဝတ်နေရေးအတွက် အထောက်အကူပြုကြောင်း၊ ဂရုတစိုက်ပြုစုပါက ၁၂ လရာသီပတ်လုံး ဝင်ငွေရရှိကြောင်း၊ ကွမ်းရွက်သာမက ကွမ်းညွန့်ဖြတ်ရောင်းပါက တစ်ညွန့်လျှင် ၁၀၀ ကျပ် ရရှိကြောင်း၊ ယခုအခါ ယာကွမ်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းနှင့် ရွက်လွန်ကွမ်းနှင့် စားကွမ်း တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ခန့်ရရှိကြောင်း သိရပြီး ကိုဗစ်-၁၉ ရောဂါကာလ သွားရေး လာရေးခက်ခဲနေသည့်အချိန်တွင်ပင် ကွမ်းခြံတစ်ခြံရှိပါက ဝင်ငွေပုံမှန်ရရှိပြီး အမာမြို့ အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ကွမ်းခြံစိုက်ပျိုးခြင်းလုပ်ငန်းကို ရင်းနှီးလုပ်ကိုင်လျက်ရှိကြောင်း ကွမ်းခြံပိုင်ရှင် ဒေါ်သဇင်ထံမှ သိရသည်။
နော်လေး(အမာ)


