ကော့မှူး ၁၆ ဩဂုတ်

 

Covid-19 Economic Relief Plan တွင် ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းများ ပြန်လည်ဉီးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ် ၁၅ ရက် နံနက် ၈ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အမှတ်(၃၆) စက်မှုလယ်ယာဉီးစီးဌာနရုံး သင်တန်းခန်း၌ ကျင်းပပြုလုပ်သည်။

 

ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကော့မှူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးမြစ်ချင်းကောင်ရေ (၁)သိန်းအား အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါးမွေးတောင်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ကျော်သူရ(ကော့မှူး ပြန်/ဆက်)