ပေါင်းတည် ၁၆ သြဂုတ်

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းတို့တွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က မုဒိတာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်က ဂုဏ်ပြုအမှာစကား ချီးမြှင့်ပြောကြားသည်။

 

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းများနှင့် ပညာပေးရေးလုပ်ငန်းတို့တွင် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် အမျိုးသား(၂၄)ဦးနှင့် တပ်ဖွဲ့ဝင်အမျိုးသမီး(၁၀)ဦးတို့အား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ရေးထိုးပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ရင်ထိုးတံဆိပ်နှင့် ဆုတံဆိပ်တို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ အလှူငွေပေးအပ်ပွဲကို ကျင်းပရာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးသက်ဝင်းအောင်(ငြိမ်း)က အသင်းရန်ပုံငွေအတွက် အလှူငွေကျပ်ငါးသောင်းအား မြို့နယ်ကြက်ခြေနီအသင်း တပ်ရင်းမှူးဦးကြည်ထွန်းထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက်သူ ဂုဏ်ပြုခံတပ်ဖွဲ့ဝင်များ၏ကိုယ်စား တပ်ဖွဲ့ဝင်တစ်ဦးက ကျေးဇူးစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

တင်ဝင်းဇော်(မင်းသားကြီး)