၂ နိုဝင်ဘာ


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်လျက်ရှိသည့် ကိုဗစ်-၁၉ လူနာများအား ကုသပေးမည့်  ဧရာဝတီစင်တာ(မန္တလေး) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လာရောက်ကြည့်ရှုခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများသည် ဧရာဝတီစင်တာ (မန္တလေး) ဆောက်လုပ်နေမှုအား ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို လမ်းညွှန်မှာကြား ပေးခဲ့သည်။

ထို့အတူ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကလည်း စည်ပင်သာယာရေးကိစ္စရပ်များ အစစအရာရာ အဆင်ပြေ ချောမွေ့စေရန်အတွက် လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ 

လာရောက်ကြည့်ရှုစစ်ဆေးရာတွင် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများကလည်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ဧရာဝတီဖောင်ဒေးရှင်းသည်  မန္တလာသီရိအားကစားကွင်းအတွင်း HDU နှင့် Oxygen Therapy ကုတင်(၁၀၀) ပါဝင်သည့် ကုတင်(၃၀၀)ဆံ့ Covid-19 ရောဂါကုသရေးဌာန (ချမ်းမြသာစည်) ဧရာဝတီစင်တာကို အမြန်ဆုံး ပြီးစီးနိုင်ရန် တည်ဆောက်လျက်ရှိပြီး ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်မည့် Test & Care စင်တာလည်း ပါရှိမည် ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများအား ကုသပေးရန် ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာများကို ရန်ကုန်မြို့တွင်လည်း တည်ဆောက်ထားပြီး ကုတင် ၁၀၀၀ ဆံ့ စင်တာအဖြစ် အကောင်အထည်ဖော်ထားကာ မန္တလေးမြို့တွင်လည်း ထပ်မံတည်ဆောက်ပေးနေခြင်းဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်