နေပြည်တော်  ၂၃  ဩဂုတ်

 

ကိုဗစ်-၁၉ လူနာများအား ကုသရန်အတွက် သွေးရည်ကြည်များ လှူဒါန်းခဲ့သည့် ကိုဗစ်-၁၉ မှ ပြန်လည်သက်သာ ကောင်းမွန်သွားသူများအား ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဆေးသုတေသန ဦးစီးဌာန၌ ကျင်းပသည်။

 

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ယခုနှစ် မတ်လတွင် စတင်တွေ့ရှိရခဲ့ပြီး ရောဂါသစ်ဖြစ်သည့် ကိုဗစ်-၁၉ ကို ကုသရန် သီးသန့်ကုထုံးမရှိသဖြင့် လူနာများအား အကောင်းဆုံးကုသမှုပေးနိုင်ရေးအတွက် ပါမောက္ခများဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ပါကြောင်း၊ ပါမောက္ခများက ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ကုသမှုများနှင့် သက်သာပျောက်ကင်းမှု အခြေအနေများကို လေ့လာခဲ့ပြီး မိမိထံသို့ တင်ပြလာခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကို ကုသမှု ပိုမိုထိရောက်စေရန်နှင့် ရောဂါကြောင့်သေဆုံးမှု နည်းပါးစေရေးအတွက် သွေးရောဂါ ပါမောက္ခ ဒေါက်တာရဲမြ ဦးဆောင်ပြီး ပါမောက္ခများပါဝင်သော အဖွဲ့အနေဖြင့် ကုသမှု သုတေသနပုံစံဖြင့် ဆောင်ရွက်ရန် “ပြန်လည်သက်သာ ကောင်းမွန်သွားသော ကိုဗစ်-၁၉ လူနာ၏ သွေးရည်ကြည်ဖြင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား စမ်းသပ်ကုသနိုင်ရေးအတွက် Ad hoc အကြံပေးအဖွဲ့” ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက်တွင် မိမိမှ ဖွဲ့စည်းပေးခဲ့ပါကြောင်း။

 

ယခုအချိန်အထိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ရောဂါပြင်းထန်သော ကိုဗစ်-၁၉ လူနာ (၈) ဦးကို အဆိုပါ သွေးရည်ကြည်သွင်း ကုသမှုဖြင့် အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ ထိုသို့ကုသမှုပေးနိုင်ရေး၊ လူနာများ၏ အသက်ကယ်တင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့သော ဆေးပညာရှင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊               “ကိုဗစ်-၁၉ မှ ပြန်လည်သက်သာ ကောင်းမွန်ခဲ့သူများ” ၏ သွေးရည်ကြည်တွင် ကိုဗစ်-၁၉ ကို တိုက်ဖျက်နိုင်သော ပဋိပစ္စည်း (antibody) များ ပါဝင်ပြီး ကိုဗစ်-၁၉ လူနာများအား အဆိုပါ သွေးရည်ကြည်ဖြင့် ကုသခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါကိုဖြစ်ပွားခံစားခဲ့ရပြီး ပြန်လည်သက်သာခဲ့သူများအနေဖြင့် ကိုယ်ချင်းစာစိတ် ပြည့်ဝစွာ၊ စေတနာ ပြည့်ဝစွာဖြင့် သွေးရည်ကြည်ကို လှူဒါန်းခဲ့သည့်အပေါ် မိမိအနေဖြင့် ကျေးဇူးတင်ရှိ ဂုဏ်ယူ လေးစားပါကြောင်း။

 

ထိုသို့ကုသမှုများ အပြင် ဆေးသုတေသနဦးစီးဌာန အနေဖြင့်လည်း ကိုဗစ်-၁၉ ကိုဖြစ် ပွားစေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ လက်ရှိ၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပျံ့နှံ့နေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကိုလည်း စစ်ဆေးရန် လုပ်ဆောင်လျက် ရှိပါကြောင်း၊ Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အားလုံးနှင့်ပူပေါင်း၍ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေမှုကို အမြန်ဆုံး ထိန်းချူပ်နိုင်ရန်နှင့် အခြားဒေသများသို့ ပြန့်ပွားခြင်းမရှိစေရန် အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် ပုံသေဆောင်ရွက်၍ မရဘဲ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့နိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဍာန်၊ ရောဂါပိုး၏ ပြုမှုပုံသဘောသဘာဝ၊ တွေ့ရှိချက် အသစ်များနှင့် မိမိတို့တွင်ရှိသော အရင်းအမြစ်များ အားလုံးတို့ကို ချိန်ထိုးစဉ်းစားကာ နည်းဗျူဟာများချမှတ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်နေသူ တစ်ဦးချင်းအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ပြန်လည်သက်သာကောင်းမွန်သွားသော ကိုဗစ်-၁၉ လူနာ၏ သွေးရည်ကြည်ဖြင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား စမ်းသပ်ကုသနိုင်ရေးအတွက် Ad hoc အကြံပေး အဖွဲ့၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက ကိုဗစ်-၁၉ သက်သာပျောက်ကင်းသွားသူများထံမှ သွေးရည်ကြည်ဖြင့် ကုသမှုပေးရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာတွင် ကုသမှုပေးနေပုံများကို အမြဲလေ့လာနေပြီး ကုသမှုဆောင်ရွက်ရာတွင် "ဆေးပညာကျင့်ဝတ်" များနှင့် အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရပါကြောင်း၊ ကိုဗစ်-၁၉ ကို တိုက်ဖျက်နိုင်သော ပဋိပစ္စည်းများသည် ရောဂါလက္ခဏာ ပြင်းထန်ခဲ့သည့် လူနာများ၏ သွေးရည်ကြည်တွင်သာ ပမာဏလုံလောက်စွာ ပါဝင်နိုင်သဖြင့် အဆိုပါလူနာဟောင်းများထံမှ သွေးရည်ကြည်များကို အလှူခံရယူခဲ့ပါကြောင်း။

 

ယခုအချိန်အထိ အဆိုပါ သွေးရည်ကြည်ကုထုံးဖြင့် ရောဂါပြင်းထန်ခဲ့ပြီး အသက်အန္တရာယ်ရှိနိုင်သည့် ကိုဗစ်-၁၉ လူနာ (၈) ဦးအား အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါလူနာ (၈) ဦးတွင် အသက်အရွယ်ကြီးသူများ၊ သွေးတိုး၊ ဆီးချိုရောဂါ အခံရှိသူများ၊ ကိုယ်အင်္ဂါ အစားထိုးထားသူများ၊ ကိုယ်အင်္ဂါ လှူဒါန်းထားသူများနှင့် လမစေ့သေးသည့် ကိုယ်ဝန်ဆောင်တို့ ပါဝင်ပါကြောင်း၊ ထိုကိုယ်ဝန်ဆောင်လူနာကို လမစေ့သေးသော်လည်း ရောဂါသက်သာလာချိန်တွင် ခွဲစိတ်မွေးဖွားမှု ပြုလုပ်ခဲ့ရပြီး နောက်တစ်လအကြာ ရက်ချိန်း ပြန်လာပြသရာတွင် မိခင်ရော၊ ကလေးပါ ကျန်းမာကြောင်းကိုလည်း အလှူရှင်များ ဝမ်းမြောက်စေရန် ပြောကြားလိုပါကြောင်း၊  ထိုသို့လူနာများကို ကုသမှုပေးရာတွင် ဆေးပညာ ဘာသာရပ် အသီးသီးမှ ပညာရှင်ကြီးများအားလုံး စုစည်းဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ သွေးရည်ကြည်တွင် ပဋိပစ္စည်း ပါဝင်မှုအခြေအနေကို တိုင်းတာနိုင်သည့်စက်နှင့် သွေးရည်ကြည်နှင့် သွေးနီဥ သီးခြားခွဲထုတ်ရယူနိုင်သည့်စက်များ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ရာ ဖြည့်ဆည်းပေးခဲ့သဖြင့် ယခုအခါပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မွန်မြတ်သော စေတနာများဖြင့် သွေးရည်ကြည်များ လှူဒါန်းခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဆေးသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းနှင့် ပါမောက္ခဒေါက်တာရဲမြတို့က သွေးရည်ကြည်များ လှူဒါန်းခဲ့သူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

 

ဆက်လက်၍ သွေးရည်ကြည် အလှူရှင်များ၏ ကိုယ်စားဦးပြည့်စုံအောင်နှင့် ဒေါက်တာမြင့်မြင့်စိန်တို့က ပီတိဝမ်းမြောက်စကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသုတေသနဦးစီးဌာနရှိ အဆင့်မြင့် မော်လီကျူးသုတေသနဌာန (Advanced Molecular Research Center) သို့ သွားရောက်ကာ မော်လီကျူး နည်းပညာ အသုံးချဌာနခွဲနှင့် ဇီဝနည်းပညာအချက်အလက် နည်းပညာဌာနခွဲတို့မှ ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးမှုများနှင့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏မျိုးဗီဇ တစ်ခုလုံးကို လေ့လာမှု ပြုလုပ်နေသည်များကို လှည့်လည်ကြည့်ရှုခဲ့ရာ ဆေးသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်