ရန်ကုန် ၂၆ ဩဂုတ်
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့် အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
အဆိုပါ အထူးကုန်တင်လေယာဉ်သည် UNICEF ၏ အစီအစဉ်ဖြင့်ရောက်ရှိလာခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၃၆၅၆၈ တန်ဖိုးရှိ တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံ(PPE) နှင့် ဆက်စပ်ပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်သည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းခန့်တန်ဖိုးရှိ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ကူညီသွားမည်ဖြစ်ရာ ယနေ့ခရီးစဉ်မှာ ယင်းအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တတိယအကြိမ်မြောက် ခရီးစဉ်အဖြစ်ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့မှုအစီအစဉ်၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ခရီးစဉ်မှာ ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင်ရောက်ရှိခဲ့ပြီး ဩဂုတ် ၂၈ ရက်တွင် စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများထပ်မံ ရောက်ရှိလာမည်ဖြစ်ပြီး ယင်းနေ့တွင် ခရီးစဉ်အားလုံး၏ ထောက်ပံ့ကူညီမှုပစ္စည်းများကို UNICEF မှတာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ UNICEF အနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါပိုးစမ်း သပ်ကိရိယာ (test kits)နှင့် ဆက်စပ်ပစ္စည်းများ ကိုလည်းကောင်း၊ ဓာတ်ခွဲခန်းသုံး အထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများကိုလည်းကောင်း ထောက်ပံ့ကူညီခဲ့သည့် အပြင် UNICEF ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ဝန်ထမ်းများဖြင့်လည်း ကူညီဆောင်ရွက်လျက်ရှိကြောင်း UNICEF မှသိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံဖေဇော်


