ရန်ကုန် ၇  စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်စုမှူး ဦးကျော်စိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်  ၁၅  ဦးတို့သည် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ကျောက်တလုံးမြို့ ဈေးအတွင်းရှိ ဈေးသည်များ၊ ဈေးဝယ်လာသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ပေးဝေ၍ စနစ်တကျတပ်ဆင်ရန် အသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

ထို့အတူ စက်တင်ဘာ ၆ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပျဉ်းမနားမြို့နယ် ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦး တို့သည်  တပ်ကုန်းမြို့ရှိ  မြို့မစျေး၊ အနော်ရထာရပ်ကွက်နှင့် အောင်ဇေယျရပ်ကွက်တို့တွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း၊ အသိပညာပေးပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦး တို့သည်လည်း မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ ဒေသအသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပါဝင်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများမှ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းအောင်-(MRC)