မန္တလေး  ၁၄   ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း သီးနှံစိုက်ပျိုးသော အသင်းသား တောင်သူများ၊ ဝင်ငွေရရှိရေးနှင့် အသင်းဝင်များ သက်သာချောင်ချိရေးကို ရည်ရွယ်၍ ယနေ့နံနက်  ၆ နာရီခွဲမှစ၍ အာလူးများ  မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လိုက်လံဖြန်းဖြူးရောင်းချပေးခဲ့သည်။

 

အဆိုပါ အာလူးများကို ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် ချိတ်ဆက်၍ အောင်ပန်းမြို့နယ်အတွင်းရှိ စိုက်ပျိုး ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်များမှ အာလူး ပိဿာ(၃၈၁၀)ကို တစ်ပိဿာလျှင် ကျပ် (၇၀၀) နှုန်းဖြင့် ဝယ်ယူ၍  မန္တလေးခရိုင်အတွင်းရှိ မြို့နယ် (၆) ခုတွင် တစ်မြို့နယ်လျှင် ပိဿာ (၃၃၀) နှုန်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝမ်းတွင်းမြို့နယ်၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး (၅)မြို့နယ်တွင် တစ်မြို့နယ်လျှင် ပိဿာ(၃၆၀)နှုန်းဖြင့် စုစုပေါင်း (၁၁)မြို့နယ်တွင် အာလူးပိဿာ(၃၈၁၀)ကို အသေး တစ်ပိဿာလျှင် ကျပ်(၇၅၀)၊ အကြီးတစ်ပိဿာလျှင် ကျပ်(၈၀၀)တို့ဖြင့် အသင်းသားပြည်သူများ လက်ဝယ်အရောက်သက်သာသောဈေးနှုန်းဖြင့် သမဝါယမကဏ္ဍအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဖြန့်ဖြူးရောင်းချခြင်းများကို မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် အတွင်းရေးမှူး  ဦးဆောင်ခဲ့ပြီး  မြို့နယ်များရှိ သမဝါယမဦးစီးအရာရှိများ၊ ဝန်ထမ်းများ၊ အသင်းစု ဉက္ကဋ္ဌများနှင့်  အမှုဆောင်များက လက်ခံ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)