ပဲခူး ၂ စက်တင်ဘာ
ပဲခူးမြို့ ရွှေမော်ဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့တွင် ယနေ့ နံနက်(၉)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ COVID-19 ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးကြသည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးရာတွင် ပဲခူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ခရိုင်ရုံးဝန်ထမ်းများ၊ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် မြို့နယ်ရုံးဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လမ်းမပေါ်တွင် သွားလာနေကြသည့် ပြည်သူများအား COVID-19 ရောဂါဖြစ်ပွား ကူးစက်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့် ဒေသန္တရအမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ပြီး နှာခေါင်းစည်းအခုရေ (၁၀၀၀၀) အား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


