နေပြည်တော် ၁၄ စက်တင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်း အသွားအလာကန့်သတ်နေသည့် ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ကိုဗစ်-၁၉ ပထမလှိုင်းကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်း ရိုက်ခတ်မှုပြင်းထန်လာမှုအပေါ် ပြည်သူ၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် တုန့်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိသကဲ့သို့ စားဝတ်နေရေးနှင့် စီးပွားရေး ကိစ္စများကို ကျော်လွှားနိုင်ရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှု များကို ရပ်တန့်မှုမရှိရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများအား ညှိနှိုင်းဆောင်ရွက်ရန် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးထိခိုက်မှု အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ကာကွယ်ပြီး ကုန်သွယ်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ရေတိုအတွင်း၌ ကုန်စည်စီးဆင်းမှုများအပေါ် ထိခိုက်မှုရှိလာသည်ကို လွယ်ကူလျင်မြန်ချောမွေ့အောင် ဆောင်ရွက်သင့်သည့် အစီအစဉ်များကိုလည်း ဆွေးနွေး ပြောကြားပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ကိုဗစ်-၁၉ သည် လူဦးရေထူထပ်ပါက အမြန်ဆုံးပြန့်ပွား တတ်ကြောင်း ရန်ကုန်တိုင်း အတွေ့အကြုံအရသိရှိရပြီး မိမိတို့ဝန်ထမ်းများအနေဖြင့်လည်း မည်ကဲ့သို့ ပါဝင်ဆောင်ရွက်နိုင်မည်၊ ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် အထောက်အကူပြုရေးအတွက် ဆောင်ရွက်သင့် သည်များကိုလည်း ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး အကြံပြုပေးကြရန် ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက အရေးကြီးသည့် အချိန်ကိုရောက်နေသဖြင့် Supply Chain မပြတ်တောက်စေရေး၊ ခရီးသွား ကန့်သတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှုမပြတ် တောက်စေရေး၊ ဆေးဝါးပစ္စည်းများ ပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအေးမောင်စိန်က ကိုဗစ်-၁၉ အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုများ၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးတင်ပြပြီး ရန်ကုန်မြို့တော်ဝန်က ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှုနှင့် စီစဉ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ရန်ကုန်တိုင်း ကုန်သည်စက်မှုအသင်းချုပ်၊ မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်စက်မှုအသင်းချုပ်တို့မှ တာဝန်ရှိသူများက ကုန်စည်စီးဆင်းမှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီး က ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


