မန္တလေး ၁၈ စက်တင်ဘာ
မန္တလေးမြို့တွင် စွန်နှင့် ရစ်ဘီးများကို တစ်နှစ်ပတ်လုံး ပြုလုပ်ရောင်းချလျက်ရှိရာ လက်ရှိကာလ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် စွန်နှင့် ရစ်ဘီးများ အရောင်းအဝယ်ပါးကာ အလုပ်ဖြစ်မှု နည်းလာကြောင်း စွန်နှင့် ရစ်ဘီးပြုလုပ်ရောင်းချသူတစ်ဦးထံမှ သိရသည်။
ယခင် ကိုဗစ်-၁၉ မဖြစ်ပွားမီကာလ မြို့ပြဒေသများတွင် စွန်လွှတ်ခြင်း အနုပညာအတွက် ညနေပိုင်းတွင် အချိန်ပေးလေ့ရှိသည်။ မန္တလေးမြို့တွင် စွန်လွှတ်ခြင်း အနုပညာအတွက် စွန်၊ စွန်လွှတ်သည့် ရစ်ဘီးနှင့်အတူ၊ အပ်ချည်ကြိုး၊ မှန်စာကြိုးများကို ရောင်းချလေ့ရှိသည်။ စွန်ပြုလုပ်ရာတွင် အမျိုးအစားလေးမျိုး ပြုလုပ်သည်။ စွန်ကို ပလတ်စတစ်၊ ဆီစိမ်စက္ကူ၊ ရိုးရိုးစက္ကူတို့ဖြင့် ပြုလုပ်ရောင်းချသည်။ စွန်တစ်ခုလျှင် ငွေကျပ်တစ်ရာမှစကာ စွန်အမျိုးအစားအလိုက် ဈေးနှုန်းပြောင်းလဲသွားသည်။ ရစ်ဘီးပြုလုပ်မှုတွင် လက်ကိုင်သစ်သားလုံး ဖော်မီကာပြားနှင့် ဝါးတို့ကို အသုံးပြုပြီး လှပစွာပြုလုပ်ရောင်းချကြသည်။ စွန်လွှတ်ကြိုးခေါ် အပ်ချည်ကြိုး အရောင်စုံကိုလည်း ခြားဖြင့်ရစ်ကာ သီးသန့်ရောင်းချပေးသည်။ အပ်ချည်ကို လိုအပ်သည့် အရှည်အတိုင်းအတာအလိုက် ခွဲခြားရောင်းချများ ပြုလုပ်ပေးသည်။ ခြားဖြင့်ရစ်ပတ်ထားသော အပ်ချည် ၃၅ လုံးပါ ခြားတစ်ခုလုံးကို ရောင်းချသည်လည်း ရှိသည်။ လက်ရှိကာလတွင် ခြားဖြင့်ရစ်ပတ်ထားသော ရစ်ဘီးတစ်ဘီးစာလျှင် ငွေကျပ် ၅၀၀ ကျပ်ဖြင့် ရောင်းချသည်။
စွန်လွှတ်ရစ်ဘီးများတစ်ခုလျှင် အနည်းဆုံး ငွေကျပ် ၅၀၀ မှ ၃၅၀၀ အထိ အကြီးအသေးအလိုက် ခွဲခြားရောင်းချသည်။ စွန်လွှတ်ရာသီကို တော်သလင်းလမှစတင်ပြီး သီတင်းကျွတ်လနောက်ပိုင်းတွင် စွန်လွှတ်မှုပိုမိုများပြားသည်။ အများစုမှာ အလုပ်ပြန်ချိန် ညနေပိုင်းတွင် အုပ်စုလိုက်စွန်လွှတ်ကြပြီး စွန်လွှတ်ကြိုးဟုခေါ်သော မှန်စာကြိုးများဖြင့် စွန်လွှတ်ကာ အပျော်တမ်းစွန်ကြိုးဖြတ်ခြင်းများ ပြုလုပ်ကြသည်။ စွန်လွှတ်မှန်စာကြိုးတစ်ထုတ်လျှင် ငွေကျပ် ၁၇၀၀ မှ ၂၂၀၀ အထိ ရှိသည်။ လက်ရှိကာလ မန္တလေးမြို့တွင် စွန်လွှတ်ခြင်းအနုပညာအတွက် စွန်၊ ရစ်ဘီး၊ အက်ချည်နှင့် မှန်စာကြိုးများကို ပုံမှန်ပြုလုပ် ရောင်းချသော်လည်း အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။
တိမ်တမန်


