ရန်ကုန်  ၁၄  စက်တင်ဘာ

 

COVID-19 ရောဂါ ဒုတိယလှိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ ရောဂါပိုးထပ်မံ ကူးစက်မှုမရှိစေရန်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်နေချိန်၌ ရပ်ကွက်၊ကျေးရွာအတွင်း တရားမဝင်နှစ်လုံး၊ သုံးလုံးချဲထီ လောင်းကစားနေအိမ်များသို့ လူဝင်လူထွက်များလာမှုကြောင့် ရောဂါပိုးကူးစက်မှုကို စိုးရိမ်နေသော လမ်းသူလမ်းသားများအနေဖြင့် လောင်းကစားပြုလုပ်မှုကို တားဆီးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်နိုင်မှုကို ထိန်းချုပ်ရန်ပူးပေါင်းလျက်ရှိကြောင်း သိရသည်။

 

“ကိုဗစ်-၁၉ ဒုတိယလှိုင်း သက်ရောက်ချိန် ကျွန်တော့ရပ်ကွက်မှာ လမ်းဘေးဈေးသယ်လုံးဝ ရောင်းခွင့်မပြုသလို ဈေးဆိုင်တွေကိုလည်း ပါဆယ်ပဲ ရောင်းခွင့်ပြုတယ်။ လောင်းကစားတွေကို လုံးဝခွင့်မပြုဘူး။ လူစုလူဝေးရှိတဲ့ နေရာတွေကို အရေးယူမယ်လို့ တိုင်းဒေသကြီးအစိုးရက ညွှန်ကြားပြီးသားပါ။ လှိုင်သာယာမှာအမှတ် ၈ ရပ်ကွက်ကလွဲပြီး ကျန်တဲ့ရပ်ကွက်တွေ ပိုးတွေတာကြောင့် လူစုလူဝေးဖြစ်စေတဲ့ နှစ်လုံး၊ သုံးလုံး ချဲထီလောင်းကစားလည်း လုံးဝခွင့်မပြုဘူး” ဟု အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦးက ပြောသည်။

 

လှိုင်သာယာမြို့နယ်၌ နေအိမ်အတွင်းနေထိုင်၍ ကျန်းမာရေးနှင့်အရေးပေါ် ကိစ္စမှလွဲကာ သွားလာကြရန် ညွှန်ကြားထားပြီးဖြစ်သော်လည်း စည်းကမ်းလိုက်နာမှု အားနည်း၍ နေ့/ည သွားလာကြလျက်ရှိပြီး နေအိမ်များတွင် လောင်းကစားဖဲဝိုင်းများနှင့် ချဲထီလောင်းကစားနေအိမ်များသို့ လူများ အဝင်အထွက်များသောကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ လမ်းသူလမ်းသားများမှာ ဗစ်ရောဂါ အတွက် စိုးရိမ်စိတ်ဖိစီးနေချိန်တွင် မိမိတို့နေအိမ်အနီးရှိ လောင်းကစားအိမ်သို့ လူဝင်လူထွက်များလာမှု အပေါ်နေအိမ်တွင် နေထိုင်စဉ် ရောဂါကူးစက်နိုင်မှုကို ရပ်ကွက်နေပြည်သူများ ပူပန်မှုနှင့်အတူ အမှတ် ၇ ရပ်ကွက် ဦးပုညလမ်း၊ မေယုလမ်းနှင့် စိန်ပန်းမြိုင် ၄ လမ်းမှ လမ်းသူလမ်းသားများ အနေဖြင့် စိုးရိမ်နေကြကြောင်း သိရသည်။

 

“လအလိုက် ဖမ်းဆီးတာတော့ ရှိတယ်။ ကိုဗစ်-၁၉ ကာလမှာလည်း လောင်းကစားဝိုင်းတွေကို ဖမ်းဆီးနေပါတယ်” ဟု လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှုးခင်ဇော်က ပြောသည်။

 

သန်းထိုက်