ရန်ကုန်  ၂၁   ဩဂုတ်

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကိုဗစ်-၁၉ ရောဂါအပါအဝင် ရောဂါကာကွယ်ရေး ဆောင်ရွက်မှုများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်အတူ  စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၁ ရက်တွင် ရခိုင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး ဦးဆောင်သော ကြက်ခြေနီစေတနာ     လုပ်အားရှင်များသည် စစ်တွေမြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ မြို့ဝင်ဂိတ်များ၊ တက္ကသိုလ်လမ်း၊ ဆတ်ရိုးကျတံတားဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်‌ဆေးခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ ပေါက်တောမြို့  မြို့နယ်ပြည်သူ့​​​​​ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ကြသည်။

 

ထို့အတူ မြောက်ဦးမြို့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် မော်တော်ယာဉ်ဖြင့်လှည့်လည်ကာ  ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊  နှာခေါင်းစည်း များ ပေးဝေခြင်း၊ အသိပညာပေး ပိုစတာကပ်ခြင်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ မင်းပြားမြို့နယ် ကြက်ခြေနီအသင်းခွဲမှ  ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မင်းပြားမြို့ ပုညရာမ တိုက်ပွဲရှောင်စခန်းရှိ၊ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၃၂)စုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စနစ်တကျလက်ဆေးခြင်းနှင့် စနစ်တကျ နှာခေါင်းစည်း အသုံးပြုခြင်းများကို အသိပညာပေးခဲ့ကြသည်။

 

ထို့အတူ မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်ခွဲတွင် ချေးငွေလာရောက် ထုတ်ယူကြသော တောင်သူဦးကြီးများအား COVID-19 ‌ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်း၊ အသိပညာပေးခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။

 

ထို့ပြင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့ (ဂ)ရပ်ကွက်တွင် အသက် ၅ နှစ်အောက် က​လေးငယ်များအား  ဗီတာမင် (​အေ)တိုက်​ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း မိန်းက​လေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်‌ရေးဆောင်ရွက်ရာတွင် လှိုင်းဘွဲ့မြို့နယ် ကြက်‌ခြေနီ အသင်းခွဲမှ ကြက်​ခြေနီ‌ စေတနာလုပ်အားရှင်များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

 

ဝင်းအောင်(MRCS)