၃ ဇူလိုင်

 

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးအတွက် ဆက်လက် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့်နေရာများသို့ ဆက်လက်လှူဒါန်းလျက်ရှိသည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် လူနာများကို ကုသစောင့် ရှောက်ပေးလျက်ရှိသော ဝေဘာဂီအထူးကု ဆေးရုံကြီးနှင့် တောင်ဥက္ကလာပဆေးရုံကြီးတွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန် ကျပ်သိန်း ၁၀၀၊ ဓာတ်ခွဲနမူနာများ ရယူပေးကြသော ရန်ကုန်တိုင်းကျန်းမာရေး Swab Team မှ ကျန်းမာရေးဝန်ထမ်း (၃၀) အတွက် တစ်လစာ ထောက်ပံ့ငွေ ၆၃သိန်း၊ ဧရာဝတီ တိုင်းဒေသကြီးမှ ဓာတ်ခွဲနမူနာများ ရန်ကုန်သို့ပို့ဆောင်ရာတွင် အသုံးပြုရန် ပုသိမ်ဆေးရုံကြီးသို့ ငွေကျပ် သိန်း ၃၀ တို့ကို အသီးသီး လှူဒါန်းခဲ့သည်။ 

 

ထို့ပြင် ဇွန်လ(၁၁)ရက်မှစတင်၍ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနိုင်ငံများမှ ပြန်လာသူများကို ဧရာဝတီ ဖောင်ဒေးရှင်းက စီမံဆောင်ရွက်ပေးထားသော သုဝဏ္ဏဘောလုံးကွင်းရှိ လက်ရွေးစင်ကစားသမားများ နားနေ ဆောင်တွင် အဆင်ပြေစွာ Quarantine ဝင်နိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိကာ Quarantine စင်တာများရှိ Volunteer များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြား Quarantine စင်တာများမှ စုစုပေါင်း လူဦးရေ (၅၀၀)အတွက် တစ်နေ့ (၃)ကြိမ် အစားအသောက်များ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။



ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် ထောက်ပံ့ကူညီခြင်း၊ နိုင်ငံအနှံ့အပြားသို့ စားနပ်ရိက္ခာများ လှူဒါန်းပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေး အာမခံရန်ပုံငွေ မတည်လှူဒါန်းပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ပေးခြင်း၊ အခက်ကြုံနေရသူများကို ထောက်ပံ့ကူညီခြင်းတို့ကို ဆောင်ရွက်ခဲ့သလို Max Energy မှ Taxi ယာဉ်မောင်းများ၊ ဆေးရုံကားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကပ်ရောဂါကာကွယ်ရေး ကူညီဆောင်ရွက်ပေးနေသူများအတွက် အထူးဈေးနှုန်း သတ်မှတ်ရောင်းချပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကာလအတွင်း  ငွေကျပ်သိန်းပေါင်း ၃ သောင်းကျော် သုံးစွဲလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။    

 

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ- ကိုမိုး