နေပြည်တော် စက်တင်ဘာ ၁၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစွာ ရရှိခြင်းနှင့် ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေး လုပ်ငန်းများကို မထိခိုက် စေဘဲ ရောဂါကို ကာကွယ်ထိန်းချုပ်၍ New Normal Life အဖြစ် နေထိုင်နိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ကို နှီးနွယ်ဌာနဆိုင်ရာများ၊ မိဘပြည်သူများနှင့် ပူးပေါင်း၍အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ လူစုလူဝေးရှိရာနေရာများတွင် Mask Campaign များဆောင်ရွက်ခြင်းနှင့် အများနှင့် သက်ဆိုင်သည့် ရုံးများ၊ သင်တန်းကျောင်းများ၊ ကျောင်းများ၊ ဈေးများစသည်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာစေရေး သက်ဆိုင်ရာဌာနများနှင့် ပူး‌ပေါင်း၍ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန်ဖြစ်ကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူနိုင်မည့်နေရာများကို အများပြည်သူကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်မည့် နည်းလမ်းများဖြင့် ကြေညာရန်ဖြစ်ပြီး ရောဂါနှင့်ပတ်သက်၍ လူနာတစ်ဦးချင်းစီအလိုက် မိမိတို့ရောဂါနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးနိုင်မည့် Tele-consultation လိုင်းများကို ဖွင့်လှစ်၍ အများ ပြည်သူသိရှိစေရေး ထုတ်ပြန်ကြေညာရန်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို ဖြည့်တင်းထားရှိပြီးဖြစ်၍ ထပ်မံလိုအပ်သည်များကို တင်ပြပေးရန်ဖြစ်ပြီး ဗဟိုမှ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လျှပ်စစ်မီးရရှိရန် အခက်အခဲရှိသည့် ကျန်းမာရေးဌာနများတွင် နေရောင်ခြည်ဖြင့် လျှပ်စစ်ဓာတ်အားပေးသည့်စနစ် အသုံးပြုနိုင်မည့် အခြေအနေများကို လေ့လာဆန်းစစ် တင်ပြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က မိမိတို့သက်ဆိုင်ရာဦးစီးဌာနအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို တင်ပြကြကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။ 

(သတင်းစဉ်)