ရန်ကုန် ၂၉  ဩဂုတ် 

 

ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် ရေသန့်စင်စက်များ၊ ရေတိုင်ကီများ၊ လက်ဆေးဘေစင်များ၊ အစားအသောက်နှင့် ပစ္စည်းများ လှူဒါန်းမှုကို Australian Aid ၏ရန်ပုံငွေ ပံ့ပိုးမှုဖြင့် မြန်မာဝိုင်အမ်စီအေ နှင့် Habitat For Humanity Myanmar တို့ပူးပေါင်းမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင် လျက်ရှိသည်။

 

ယင်းအစီအစဉ်အရ ယနေ့နံနက်ပိုင်းက Y.Care International ၏ ပံ့ပိုးမှုဖြင့် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်း တက်ရောက်ခဲ့သော စေတနာဝန်ထမ်း လူငယ် (၂၀) တို့က ကိုဗစ်ရောဂါကာလတွင် လှိုင်သာယာမြို့နယ်ရှိ အခက်အခဲရှိသော မိသားစု (၇၀) ကိုငွေကျပ် သိန်း ၅၀ ကျော်တန်ဖိုးရှိ အစားအသောက်နှင့် ပစ္စည်းများကို လက်ဝယ်အရောက်ကူညီ ထောက်ပံ့လှူဒါန်းပေးကြသည်။

 

ထို့ပြင် ဩဂုတ် (၂၅) ရက်က ကိုဗစ်ရောဂါကာလတွင် ကျေးလက်ပြည်သူများ သောက်သုံးရေသန့် အသုံးပြုနိုင်ရန် ရေသန့်စင်စက်နှင့် ရေတိုင်ကီများလှူဒါန်းပွဲကို ဒလမြို့နယ် ညောင်ငုတ်တိုကျေးရွာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးထွန်းရင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဌ ဒေါ်မြင့်မြင့်ကြည်၊ စည်ပင်ရေသန့်ဌာန၊ ကျန်းမာရေးဌာနနှင့် ကျေးရွာတာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

ယင်းလှူဒါန်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးယဉ်ထွေးက အမှာစကားပြောကြားပြီး မြန်မာဝိုင်အမ်စီအေ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဝင်းနှင့် Habitat For Humanity Myanmar အကြီးတန်းမန်နေဂျာ ဦးရဲဝင်းတို့က စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်း ပြောကြားပြီး ရေသန့်စက်များကိုကျေးရွာ ကော်မတီသို့ လွှဲပြောင်းပေးအပ်ကာ တက်ရောက်လာ ကြသူများက ရေသန့်စင်စက်များတပ်ဆင်ထားမှုကို လှည့်လည်ကြည့်ရှုကြသည်။ 

 

ဒလမြို့နယ် ညောင်ငုတ်တိုကျေးရွာတွင် ဂါလန် (၁၁၀)  ဆံ့ရေတိုင်ကီ (၂၅) လုံး၊ အမှိုက်ပုံး များ၊ လက်ဆေးဘေစင် (၂) လုံး၊ ထူးကြီးကျေးရွာတွင် ယင်လုံအိမ်သာ (၁၀) လုံး၊  ဂါလန် (၁၁၀)ဆံ ရေတိုင်ကီ (၂၈) လုံး၊ အမှိုက်ပုံးများနှင့် လက်ဆေးဘေစင် (၂) လုံးတို့ကို ကျပ်ငွေ (၂၂၉) သိန်းကျော်ဖိုး ပေးအပ်လှူဒါန်းခြင်းဖြစ်သည့်အပြင်  စေတနာ့ဝန်ထမ်းလူငယ်များ ကိုလည်း ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အဆင့်မြင့်သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

 သတင်းစဉ်