ကျောက်ဖြူ ၁ ဒီဇင်ဘာ
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးကို ပံ့ပိုးကူညီသည့်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ပံ့ပိုးထားရှိသည့် တစ်ကိုယ်ရည်သုံး အဝတ်နှာခေါင်းစည်း(Mask)များကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပေးအပ်လှူဒါန်းရာ ဌာနဆိုင်ရာများ၊ အသိပညာပေးရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေးကော်မတီအဖွဲ့ နှင့် လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးကို ပံ့ပိုးကူညီသည့်အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်သံရုံး ကိုယ်စား ကျောက်ဖြူခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ညိုညိုမြင့်က တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်းဖြစ်သည့် လူကြီးဝတ် နှာခေါင်းစည်း (Reusable Cloth Masks) လေးသောင်း၊ ကလေးဝတ်နှာခေါင်းစည်း ၁၀၀၀၀ နှင့် Isolation gowns အစုံ ၅၀၀ တို့ကို ဌာနဆိုင်ရာများ၊ လေးဝတီကုလရက္ခိတ (ပရဟိတ) အသင်းဥက္ကဋ္ဌနှင့် Volunteer များထံ ပေးအပ်ခဲ့ကာ ပရဟိတအသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့သည်။
အဆိုပါ ဒိန်းမတ်သံရုံးမှ လှူဒါန်းသော အဝတ်နှာခေါင်းစည်း Reusable Cloth Masks များအား၊ အသိပညာ ပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေးကော်မတီအဖွဲ့၊ ဘုန်းတော်ကြီးကျောင်းများ၊ စက်ရုံအလုပ်ရုံများ၊ ဆားလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးတွင် ကူညီဆောင်ရွက်နေသော Volunteer များ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းမြို့နယ်၊ ဇင်ချောင်း၊ စနဲနှင့် လေးတောင်တိုက်နယ်များရှိ အခြေခံလူတန်းစား များ၊ လူမှုရေးအသင်းအဖွဲ့များထံသို့ ဒုတိယအကြိမ်လှူဒါန်းပေးအပ်ခဲ့သည်။ ဒိန်းမတ်သံရုံးအနေဖြင့် ပထမအကြိမ်တွင် ငွေကျပ် သိန်း ၇၂၀ တန်ဖိုးရှိ နှာခေါင်းစည်း ၁၂၀၀၀၀ ကို လှူဒါန်းထားရှိပြီး ယခုဒုတိယအကြိမ်အဖြစ် ငွေကျပ် သိန်း ၃၁၀ တန်ဖိုးရှိ အဝတ်နှာခေါင်းစည်းများနှင့် Isolation gowns များအား ပံ့ပိုးလှူဒါန်းထားရှိကြောင်း ကျောက်ဖြူခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ရုံးမှ တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။
ဖြိုးထွန်း(ခရိုင်ပြန်/ဆက်)


