နေပြည်တော် ၃၁ ဩဂုတ်
ကိုဗစ်-၁၉ တုန့်ပြန်ရေးနှင့် ကုစားရေး လုပ်ငန်းစဉ်များအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများက လိုအပ်လျက်ရှိသည့် စာရင်းအင်း အချက်အလက်များအား ပံ့ပိုးပေးနိုင်ရန် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရှေ့ပြေး ရလဒ်များ ထုတ်ပြန်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များ ထုတ်ပြန်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ဒုတိယဝန်ကြီးက ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ၂၀၁၉ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အချက်အလက်များသည် ကိုဗစ်-၁၉ မတိုင်မီနှင့် ကိုဗစ်-၁၉ အလွန်ကာလ ပြောင်းလဲမှုများ၊ ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဆန်းစစ် လေ့လာရန်နှင့် ကုစားရေးလုပ်ငန်းစဉ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် စနစ်တကျ ပြင်ဆင် အကောင်အထည်ဖော်ရာတွင် များစွာအထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာပြည်သူပြည်သားများ၏ ပကတိ လူမှုစီးပွားရေး အခြေအနေမှန်ကို ပြဆိုသည့် အရင်းအမြစ်များအဖြစ် ယင်းရလဒ်များကို အသုံးပြုကြပါရန် တိုက်တွန်းပါကြောင်း။
ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံးမှန်ကုန်စွာ ခန့်မှန်းနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို အကောင်အထည်ဖော် ဆောင်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ရရှိနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ယင်းနိုင်ငံ၏ စာရင်းအင်း အချက်အလက်များက ညွှန်ပြနေကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်းစာရင်း ရလဒ်များ ထွက်ရှိလာခြင်းသည် မိမိတို့ဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပူးပေါင်းပါဝင်ကြသူများအတွက် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ အဆိုပါ အရင်းအမြစ်များကို မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများအတွက် လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ် အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ လူမှုစီးပွားဘဝ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင်လည်းကောင်း၊ စာရင်းအင်းဆိုင်ရာ အညွှန်းကိန်း အသုံးပြုသူများအတွက်လည်းကောင်း ထိရောက်စွာ အသုံးပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan က ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှု အခြေအနေများကိုလည်းကောင်း၊ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရလဒ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရလဒ်များကို ဆန်းစစ်လေ့လာထားသည့် ပိုမိုပြည့်စုံ၍ အသေးစိတ် အချက်အလက်များ ပါဝင်သော ပင်မအစီရင်ခံစာကို ယခုနှစ်မကုန်မီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ခရိုင်အဆင့် ကိုယ်စားပြု အညွှန်းကိန်းများ ရရှိနိုင်ရန်ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း (၃၉၆၀)၊ အိမ်ထောင်စု (၁၃၂၀၉၂) စုနှင့် လူဦးရေ (၅၄၈၅၅၃) ဦးတို့ကို ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းတွင် လူဦးရေဆိုင်ရာ မေးခွန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ဖြစ်သည့် ပညာရေးနှင့် လုပ်သားအင်အား မေးခွန်းများ၊ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းသွားလာခြင်းစသည့် လူဦးရေပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းအချက်များ၊ မသန်စွမ်းမှု၊ သက်ကြီးရွယ်အို၊ ဘဝ ပျော်ရွှင်မှုနှင့် အထောက်အပံ့ ရရှိမှုစသည့် လူမှုဘဝလိုအပ်ချက်များကို ဖော်ထုတ်သည့် မေးခွန်းများ၊ အိမ်အကြောင်းအရာ၊ ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးတို့နှင့် ဆက်စပ်မေးခွန်းများကို မေးမြန်းခဲ့ခြင်းဖြစ်၍ အညွှန်းကိန်းများစွာကို ဖော်ထုတ်ပံ့ပိုး ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
သတင်း- မျိုးသူဟိန်း၊ ဓာတ်ပုံ-ကျော်ဇင်ထိုက်


