မကွေး  ၂၆  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဝက်တိုးကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးထံမှ သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ဝက်တိုးကျေးရွာတွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေး နိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း သိရသည်။

ဝက်တိုးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်က ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ပဉ္စမနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်မည့်သူ ၇၀ အတွက် ငွေကျပ်သိန်း ၂၈၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့်သူ ၇၉ ဦးအတွက် ငွေကျပ် ၁၄၈ ဒသမ ၅ သိန်း၊ စုစုပေါင်း အသင်းဝင် ၁၄၉ ဦးကို စီမံကိန်းရန်ပုံငွေကျပ် ၄၂၈ ဒသမ ၅ သိန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြား ၅၀ ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 

မကွေးမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၃၆ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဝက်တိုးကျေးရွာအပါဝင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာပေါင်း ၁၆ ရွာကို ထုတ်ချေးပေးခဲ့ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစီးများ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်စေကာ ထုတ်ချေးပေးခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

ဂျိုင်းလော(သတင်းစဉ်)