ကိုဗစ်-၁၉ရောဂါကာလအတွင်း မင်းဘူးခရိုင်အတွင်းမှ မြစိမ်းရောင်စီမံကိန်းကျေးရွာများတွင် အတိုးနှုန်းလျှော့ကောက်မည်

မင်းဘူး  ၁  မေ  

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ  ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာစီမံကိန်းများအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အတိုးနှုန်းအား ပြားငါးဆယ်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။



မြစိမ်းရောင်စီမံကိန်းအား တစ်ယူနစ်လျှင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သန်း(၃၀)ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မတည်ပေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်သွယ်ရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် ချေးငွေရယူ ဆောင်ရွက်နိုင်ကာ အတိုးနှုန်း  ပြားငါးဆယ်မှ တစ်ကျပ်ခွဲထိ သတ်မှတ်ထားကြောင်း ၊ ကိုဗစ်-၁၉ရောဂါကာလအတွင်း ဧပြီလမှ စတင်၍ ချေငွေအတိုးနှုန်းများကို ပြားငါးဆယ်သာ ကောက်ခံပြီး စီမံကိန်းအား တစ်ပြေးညီဆက်လက် လည်ပတ်နိုင်ရန် ညွှန်ကြားချက်ထုတ်ပြန် ထားသည့်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



"ယခုအခါ မင်းဘူးခရိုင်အတွင်း ကျေးရွာပေါင်း ၉၆၃ ရွာရှိသည့်အနက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာပေါင်း ၁၆၈ ရွာတွင် စိုက်ပျိုးရေး လုပ်ကိုင်သူ ၉၉၀၃ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၉၃၂၉ ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၂၂၅ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၀၇၉ ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၃၀၅ ဦး စုစုပေါင်း ၂၀၈၆၆ ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၆၄၇၇ ဒသမ ၆၉ သန်းကျော်အား ထုတ်ချေးထားပါတယ်" ဟု မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က ပြောပြ၍ သိ​ရသည်။


သူရိန်(မင်းဘူး)