ဘုတလင် ၁၆ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့နှင့် စိုက်ပျိုးစရိတ်များကို ဩဂုတ် ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မျိုးစေ့နှင့် စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်တို့က အမှာစကား ပြောကြားခဲ့ကြပြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ကိုယ်စား ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးကိုလေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာတို့က ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) နှင့် ဘုတလင်မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ဌာနဆိုင်ရာများက မိုးစပါးမျိုးစေ့ထုတ်တောင်သူ ၈၀ အား မျိုးစေ့နှင့် စိုက်ပျိုးစရိတ် ကျပ် ၁၉၆၃၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ဘုတလင်မြို့နယ်တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ် အရည်အသွေးကောင်းမျိုး (၂၁၅)ဧကနှင့် အထွက်ကောင်းမျိုး (၁၅)ဧက စုစုပေါင်း(၂၃၀)ဧက စိုက်ပျိုးလျက်ရှိပြီး အရည်အသွေးကောင်းမျိုး တစ်ဧကလျှင် ကျပ် ၁၀၅၀၀၊ အထွက်ကောင်းမျိုး တစ်ဧကလျှင် ကျပ် ၈၅၀၀ နှင့် စိုက်ပျိုးစရိတ်အဖြစ် တစ်ဧကလျှင် ကျပ် ၇၅၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)