၂၆ ဇူလိုင်

 

ဖျားနာမှုတွေက ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ။ ဘယ်အချိန် ဖျားတော့မလဲဆိုတာ မသိဟု အသက် ၇၉ နှစ်အရွယ် ဂူဆက်ပီ တက်ဆီက ညှိုးငယ်တဲ့စိတ်၊ နွမ်းလျတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ ဆေးရုံကိုသွားတဲ့ လူနှစ်ယောက် သုံးယောက် လောက်လည်း ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ ကျွန်မသိနေတယ်လို့ တောင်အာဖရိကမြို့တော် ဂျိုဟန် နစ္စဘတ်နဲ့ သိပ်မဝေးတဲ့နေရာ ဂါမစ်တန်မြို့ငယ်လေးရဲ့ ကာဆာဆီရီနာလို့ခေါ်တဲ့ ဘိုးဘွားရိပ်သာမှာ ဘဝရဲ့နေဝင်ချိန်ကို စောင့်နေရရှာတဲ့ အဘွားအို ဂူဆက်ပီတက်ဆီက စိတ်မကောင်းဖွယ် ပြောကြားလိုက်ပါတယ်။

 

ကိုဗစ်ကိုအန်တုရင်း လောကကြီးကို နှုတ်ဆက်

 

ထိုင်မယ့်သူမရှိဘဲ လွတ်နေတဲ့ ကုလားထိုင်လေးတွေက သေခြင်းတရားရဲ့ ကိုယ်ပိုင်သံစဉ်ကို လှစ်ဟပြလိုက်သလို ဆိတ်သုဉ်းပျောက်ကွယ်ခြင်းရဲ့ ဓမ္မတေးသွား တစ်ခုကို ကျူးရင့်လို့နေပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက် ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ တောင်အာဖရိကကို လည်း အလွတ်မပေးခဲ့ပါဘူး။ ကြီးသည်၊ ငယ်သည်မရှိ။ အားလုံးကို သေမင်းခံတွင်း၀ဆီတွန်းပို့ဖို့ ငြိုးမာန်ဖွဲ့ ရက်စက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေမင်းကိုအန်တု ရင်ကိုမြေကတုတ်လုပ်ကာ ခါးစည်းခံ နေရတဲ့သူတွေကတော့ ဘိုးဘွားတွေပဲဖြစ်ပါတယ်။ အဲဒီ ဘိုးဘွားရိပ်သာမှာ ဒေသခံအဘိုးအဘွား ၆၄ ဦး နေထိုင် လျက်ရှိပါတယ်။ သူတို့ထဲက ထက်ဝက်နီးနီး လောက်က ကိုဗစ်ကိုအန်တုရင်းလောကကြီးကို လက်ပြနှုတ်ဆက် ခဲ့ပါပြီ။

 

ဘိုးဘွားရိပ်သာရဲ့ မန်နေဂျာ မာရီယိုဆာရာက ဘိုးဘွား ၁၄ ဦးကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လောကကြီးကို အရှုံးပေးခဲ့ပြီလို့ ပြောကြားလိုက်သလို တခြားသူတွေကလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ရဲ့လက်က ပြေးမလွတ်ခဲ့ပါဘူးလို့ ပြောလိုက်ပါတယ်။ သူကတော့ဘိုးဘွားရိပ်သာကို တာဝန်ယူရသူဖြစ်ပါတယ်။ ကာဆာဆီရီနာဆိုတဲ့ ဘိုးဘွားရိပ်သာဟာ တောင်အာဖရိကရဲ့ လူအထူထပ်ဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ဂူတန်ပြည်နယ်မှာရှိတဲ့ ဘိုးဘွားရိပ်သာများထဲမှ တစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ ဘိုးဘွားရိပ်သာပေါင်း ၁၇ ခုရှိပါ တယ်။ သူတို့ဟာ ကိုဗစ်-၁၉ ရဲ့ ရက်စက်မှုဒဏ်၊ ဖျက်ဆီးမှု ဒဏ်ကို အလူးအလဲခံနေရတဲ့နေရာတွေဖြစ်ပါတယ်။

 

မညီမျှတဲ့လောကဓံတိုက်ပွဲ

 

အာဖရိကတိုက်ရဲ့ တောင်အာဖရိကတစ်နိုင်ငံလုံးမှာ ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့သူဦးရေဟာ ၄၀၀၀၀၀ ကျော်ရှိခဲ့ပြီး အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ သေဆုံးသူဟာ လည်းပဲ အနည်းဆုံး ၆၀၀၀ လောက်ရှိခဲ့ပါတယ်။ ဘိုးဘွား ရိပ်သာရဲ့ မန်နေဂျာ မာရီယိုဆာရာဟာ ကံဆိုးစွာနဲ့ ကိုဗစ် - ၁၉ ရောဂါကူးစက်ခဲ့ပါတယ်။ သို့သော်လည်း သူဟာ အဲဒီရောဂါဒဏ်ကနေ ပြန်လည်ကောင်းမွန် လာခဲ့ပါတယ်။ အသက်တွေကိုကယ်တင်ဖို့ မညီမျှတဲ့လောကဓံတိုက်ပွဲတွေအကြောင်း နာကြည်းစွာနဲ့ သူက ပြောခဲ့ပါတယ်။

 

မတ်လအစောပိုင်းက သူဟာ တင်းကျပ်တဲ့အသွားအလာကန့်သတ်ပိတ်ဆို့မှုနဲ့ တခြားဆောင်ရွက်ချက် တွေကို လုပ်ဆောင်ခဲ့ရပါတယ်။ သူ့ရဲ့ခုခံကာကွယ်မှုတွေဟာ တိတ်တခိုးနဲ့ အညှာအတာကင်းမဲ့တဲ့ရန်သူတော်ကြီး ကိုဗစ်-၁၉ ကြောင့် ပြိုလဲခဲ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းရောက်ရင် လူတွေသေဆုံးလေ့ရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် အခုဟာက သေမင်း စစ်သည်တော်တွေအစုအပြုံလိုက် ဝင်ရောက်တိုက်ခိုက်တာကို ခံနေရသလိုပါပဲလို့ သူက ပြောပါတယ်။ အခုဟာက နေရောင်အောက်မှာလမ်းလျှောက်နေတုန်း အနောက်က ကြီးမားတဲ့လက်သည်းကြီးနဲ့ သနားညှာတာ မှုကင်းမဲ့စွာ ကုတ်ယူသွားသလိုပါပဲ။ ဘာဖြစ်လို့ ဖြစ်လိုက် မှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူးလို့ သူကဥပမာပေး တင်စားပြောကြားလိုက်ပါတယ်။

 

ကိုဗစ်-၁၉ ရက်တွေကို အားငယ်စွာဖြတ်သန်း

 

ဘိုးဘွားရိပ်သာထဲမှာရှိတဲ့ ဘိုးဘွားတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ် - ၁၉ အသွားအလာကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်လိုက်တဲ့ မတ် ၂၇ ရက်ကစပြီး ဘယ်မှမသွားကြတော့ပါဘူး။ သူတို့တွေဟာအကြောက်တရားတွေ၊ အထီးကျန်မှုတွေ၊ စိတ်ဓာတ်ခွန်အားကျဆင်းမှုတွေနဲ့ ကိုဗစ်-၁၉ ရက်တွေကို ဖျော့တော့အားငယ်စွာ ဖြတ်သန်းနေခဲ့ကြရပါတယ်။ သူတို့တွေဟာ မကြာခဏဆိုသလို ငါသေတော့မှာလား၊ ငါပိုးတွေ့လူနာဖြစ်ပြီလား၊ ငါ ကူးစက်မခံရသေးဘူးလား စသည်ဖြင့် မေးလေ့ရှိပါတယ်။ ကူကယ်ရာမဲ့တဲ့ဘဝ နေဝင်ချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်အောင် ဘယ်အရာက အာမခံချက်ပေးနိုင်မလဲ။

 

အီတလီအုပ်စုက စီမံခန့်ခွဲနေတဲ့ အဲဒီဘိုးဘွား ရိပ်သာမှာ အီတလီဒုတိယကမ္ဘာစစ်က အကျဉ်းသားတွေနဲ့ ၁၉၆၀ ပြည့်လွန်နှစ်များနဲ့ ၁၉၇၀ ပြည့်လွန်နှစ်များမှာ သူတို့ရဲ့ ကံကြမ္မာကိုလိုက်ရှာရင်း တောင်အာဖရိကကို ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေ ရှိကြပါတယ်။ အီတလီယဉ်ကျေးမှုပုံစံဟာ အဲဒီရိပ်သာမှာ ပျံ့နှံ့လျက် ရှိပါတယ်။ အီတလီအငွေ့အသက်ပါတဲ့ အစားအစာ၊ ဘာသာစကားနဲ့ မိသားစုအပေါ်ကြီးမားတဲ့သံယောဇဉ်ထားရှိမှုပုံစံတွေဟာ အဲဒီရိပ်သာအတွင်းမှာ ဆွတ်ပျံ့လျက် ရှိပါတယ်။

 

မလွန်ဆန်နိုင်

 

ကိုဗစ် - ၁၉ အသွားအလာကန့်သတ်ပိတ်ဆို့မှု တွေ ရှိနေသေးတဲ့အတွက် ဧည့်သည်တွေကိုတော့ ကန့်သတ်ချက်တွေနဲ့ ခွင့်ပြုပေးနေတာတွေရှိပါတယ်။ တချို့ဒေသခံတွေဟာ သူတို့ချစ်ခင်ရသူတွေနဲ့စကား စမြည်ပြောဖို့ အချိန်သုံးလကျော်စောင့်ဆိုင်းခဲ့ရ ပါတယ်။ နိုင်ငံတကာသတင်းများ ကြည့်ခြင်းဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ ပြန်လည် ကောင်းမွန်လာအောင် စွမ်းဆောင်နိုင်မယ်မထင် ပါဘူး။

 

ယခုနှစ်အစပိုင်းမှာ ကိုဗစ် - ၁၉ ကူးစက်ပြန့်ပွားမှု သတင်းတွေကို ရုပ်မြင်သံကြားမှတစ်ဆင့် သူတို့တွေ ကြည့်ရှုခဲ့ကြပါတယ်။ ကိုဗစ် - ၁၉ ဟာ တောင်အာဖရိက နိုင်ငံကို ကူးစက်ပျံ့နှံ့လာတဲ့အခါမှာတော့ အဲဒီမှာရှိတဲ့ အီတလီ ဘိုးဘွားရိပ်သာတွေဟာ ကိုဗစ် - ၁၉ ရဲ့ စစ်တလင်းဖြစ်ခဲ့ပြီး သက်ကြီးနိုင်ငံသားတွေ အတော်များများဟာ ကိုဗစ် - ၁၉ ရောဂါရဲ့ ဖိစီးနှိပ်စက်ခြင်းကို မလွန်ဆန်နိုင်ခဲ့ပါဘူး။

 

ပျော်ရွှင်စရာကောင်းတဲ့ရက်တွေကို တောင့်တ

 

ပထမပိုင်းမှာတော့ အီတလီနိုင်ငံဟာ ဥရောပမှာ ကိုဗစ် - ၁၉ ဒဏ်ခံရတဲ့ အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ အီတလီဟာ အဲဒီဒဏ်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ အခုတော့ တောင်အာဖရိကဟာ အီတလီနိုင်ငံလိုမျိုး ဖြစ်လာတော့မယ့်အခြေအနေကို ရောက်ရှိနေပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အမြင့်ဆုံးအခြေအနေကို စတင် ရောက်ရှိနေပြီလို ဆိုရမလိုဖြစ်နေပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်မှုစစ်ဆေးခြင်းတွေဟာ ဘိုးဘွား ရိပ်သာလိုမျိုးနေရာမျိုးမှာတော့ သိပ်ပြီးတော့ အရာမထင်လောက်ပါဘူး။ ရောဂါရှိတယ် ဒီလောက်ပါပဲ။ ဂရုစိုက်မှုကြပ်ကြပ်မတ်မတ်မရှိတဲ့ပုံစံဟာ သူတို့ရဲ့ ကိုယ်ခံအားစနစ် ကိုလည်း တိုးတက်စေမယ်မထင်ပါဘူး။ တစ်စုံ တစ်ယောက်က ချောင်းဆိုးခဲ့မယ်ဆိုပါက သူ့ကို သွားတောင်မထိပါဘူး။ အဲဒါက မကြာမီတောမီးလို ပျံ့နှံ့သွားနိုင်ပါတယ်။ ဘိုးဘွားရိပ်သာမှာရှိသူတွေဟာ သူတို့ရဲ့ အခန်းကထွက်ခွာရမှာ အလွန်ကို ကြောက်ရွံ့ နေ ကြပါတယ်။ ယုတ်စွအဆုံးအပျင်းပြေ ကစားတာတွေကိုတောင် မလုပ်တော့ပါဘူး။ နေ့လယ်ပိုင်းမှာ ကျွန်တော်တို့တွေ အပြင်ကိုထွက်ပြီး ကစားလေ့ရှိပါ တယ်။ အခုတော့ အိပ်နေဖို့ကလွဲပြီး ဘာမှမတတ် နိုင်ဘူးလို့ အသက် ၈၈ နှစ်အရွယ်ရှိ အက်စ်တရီနာ ဆာတိုရီက ပြောပါတယ်။

 

သူတို့ဆီလာလည်ကြတဲ့ သူတို့ရဲ့သွေးရင်းသားရင်း တွေဟာလည်း သူတို့နဲ့ ထိတွေ့စကားပြောလို့မရပါဘူး။ ပြတင်းပေါက်ကတစ်ဆင့် အချိန်အကန့်အသတ်နဲ့ ပြောရပါတယ်။ သူတို့ဟာ ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကို တောင့်တနေကြပါတယ်။ သူတို့တွေဟာ ဒီလိုပဲ ပြီးဆုံးသွားကြမလားဆိုတာကတော့ ကိုဗစ် - ၁၉ ဘယ်လောက်ကြာအောင် ဆက်လက်ဖြစ်ပွား နေဦးမလဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်။ ။

 

ထွန်းသစ်စ

ကိုးကား-အေအက်ဖ်ပီ