မန္တလေး ၁ စက်တင်ဘာ
ကိုဗစ်ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များကို မလိုက်နာတဲ့အတွက် ဈေးသည် ၁၂ ဦးကို အရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။ စျေးချို၊ မန်းမြန်မာ၊ စျေးချိုသစ်သီးတန်း၊ ၈၅ လမ်းဘေးရှိ စျေးသည် ၁၂ ဦး ကို ဆိုင်သုံးရက်ပိတ် အရေးယူမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် စျေးများတွင် သက်ဆိုင်ရာက သတ်မှတ်သော စည်းကမ်းများကို အပြည့်အဝ လိုက်နာစေရေးအတွက် မြို့တော်စည်ပင်က စစ်ဆေးဆောင်ရွက်နေသည်။
“မေ ၁၅ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ၂၁၈၂ ဦးကို နှာခေါင်းစည်း ဝယ်ယူစေပါတယ်။ ကိုဗစ်ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များကို မလိုက်နာတဲ့အတွက် စျေးချို၊ မန်းမြန်မာ၊ စျေးချိုသစ်သီးတန်း၊ ၈၅ လမ်းဘေးရှိ စျေးသည် ၁၂ ဦး ကို ဆိုင်သုံးရက်ပိတ် အရေးယူခဲ့ပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။
ပရဟိတ လူမှုရေးအသင်းအဖွဲ့များနဲ့ လက်တွဲပြီး စျေးများမှာ နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်း၊နှာခေါင်းစည်းတပ်ရန် ဗွီနိုင်းများ၊ အသံချဲ့စက်များဖြင့် သတိပေးကြေညာခြင်းများ ဆောင်ရွက်လျက်ရှိသည်။ နှာခေါင်းစည်းမတပ်သူများကို နှာခေါင်းစည်းဝယ်ယူစေရန် အရေးယူခဲ့ပြီး ဩဂုတ်လ အတွင်းမှာ စျေးသည် ၅၁၄ ဦး စျေးဝယ် ၁၀၈ဦး ပေါင်း ၆၂၂ ဦးကို နှာခေါင်းစည်းများ ဝယ်ယူစေခဲ့ကြောင်း သိရသည်။
မေသက်ထား


