မန္တလေး ၂၆ ဇူလိုင်
ကိုဗစ်ကာလတွင် အလှူမင်္ဂလာအခမ်းအနားများ မရှိသည့်အတွက် ပိုးထည်များ ဈေးထက်ဝက်ခန့် လျော့ရောင်းနေရပြီး အင်းလေးချည်ထည်များသာ အရောင်းအဝယ်ဖြစ်နေတယ်လို့ အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းရှင်များထံမှ သိရသည်။
အလှူမင်္ဂလာအခမ်းအနားများ မရှိသည့်အတွက် ပိုးထည်များ ဝယ်ယူသူနည်းပါးနေသဖြင့် အရင်က ၁၄၀၀၀၀ ကျပ်၊ ၃၅၀၀၀၀ ကျပ်ဖြင့် ရောင်းချနေရသည့် ပိုးထည်များကို ၈၀၀၀၀ ကျပ်၊ ၂၀၀၀၀၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းချနေရကြောင်း သိရသည်။
“ဈေးကျတာက အမျိုးသမီးထည်တွေက ပိုကျတယ်။ ကုန်သည်တွေက အထည်တွေက မသိမ်းကြတော့ လက်ထဲမှာ သိန်းချီသောင်းချီ ထိန်းထားရတာ။ သူတို့က လုပ်ငန်းပြန်စတဲ့အချိန်မှာ ပေးထားတဲ့ အထည်ကို ထွက်အောင်လုပ်ရတယ်။ ရှေ့အထည်ထွက်မှ နောက်အထည် ထွက်နိုင်မှာ။ ရှေ့အထည်ထွက်ဖို့က မရှိဘူး၊ မရှိတော့ ကုန်သည်က လျော့ရောင်းရတယ်၊ အထည်ကို အရှုံးခံပြီး ရောင်းရတယ်။ ချည်ချိတ်တွေ၊ ပိုးချိတ်တွေ တအားခက်ခဲသွားတယ်။ ပိုးချိတ်တွေဆိုရင် ပိုးတစ်ကွင်းကို ထက်ဝက်လောက်အထိ ဈေးကိုချပြီး ရောင်းလိုက်ရတယ်” ဟု မြကမ္ဘာစိုး ပိုးထည်နှင့် ချည်ထည်လုပ်ငန်းပိုင်ရှင် ဒေါ်မြင့်မြင့်သန်းက ပြောသည်။
လက်ရှိအချိန်မှာ ရက်ကန်းလုပ်ငန်းအားလုံး မလည်ပတ်နိုင်သေးကြောင်းနှင့် လည်ပတ်နေသည့် ရက်ကန်းလုပ်ငန်းများသည်လည်း အချိန်းပိုင်းဖြင့်သာ လည်ပတ်နေရကြောင်း သိရသည်။ ပိုးချိတ်၊ ချည်ချိတ်များ အရောင်းအဝယ်နည်းနေပေမယ့် ယခုအခါ အင်းလေးချည်ထည်များသာ ရောင်းချနေရကြောင်း သိရသည်။
အင်းလေးချည်များဖြစ်သည့် ၂၀ ချည်၊ ၇ ချည်များသည် ဈေးနှုန်းသက်သာခြင်း၊ ချည်ထည်ဖြစ်သဖြင့် ဝတ်ဆင်ရအေးမြခြင်းတို့ကြောင့် ဝယ်ယူမှုများရှိလာကြောင်း သိရသည်။ အင်းလေးထည်များသည် ချည်အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၅၀၀၀၊ ၆၀၀၀၊ ၇၀၀၀၊ ၈၀၀၀ စသည်ဖြင့် ဈေးနှုန်းများရှိကြောင်း သိရသည်။
မေသက်ထား


