ရန်ကုန် ၁၈ ဩဂုတ်
ကိုဗစ်ကာလတွင် အထည်ချုပ်လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိစန္ဒာ အထည်ချုပ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းအနေဖြင့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ ကုန်ကြမ်းပေးအပ်နှံလာသော အထည်များအား လက်ခစားစနစ် (CMP) ဖြင့် လက်ခံချုပ်လုပ် ပေးလျက်ရှိကြောင်း အဆိုပါ သမဝါယမအသင်းမှ သိရသည်။
သီရိစန္ဒာ အထည်ချုပ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းအနေဖြင့် လက်ရှိတွင် ဂျပန်နိုင်ငံမှ အပ်နှံလာသော စာတိုက်ဝန်ထမ်းယူနီဖောင်း ဝတ်စုံ ၂၅၀၀၀၊ စားသောက်ဆိုင်ဝန်ထမ်း ယူနီဖောင်းဝတ်စုံ ၄၅၀၀၀ နှင့် ကိုဗစ်ကာလအတွင်း ကာကွယ်၊ ထိန်းချုပ် ကုသရေးအတွက် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဖြန့်ဝေရန် ဒိန်းမတ်နိုင်ငံမှ လှူဒါန်းသည့် Mask အခုရေ (၁၅၀၀၀၀)အား ချုပ်လုပ်ပေးလျက်ရှိသည်။
သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသည် အထည်ချုပ်လုပ်ငန်းအား စက်အလုံးရေ (၆၁၀)၊ ဝန်ထမ်းအင်အား (၇၀၀)ဖြင့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ ကုန်ကြမ်းပေးအပ်လာသော အထည်များအား CMP လက်ခစားစနစ်ဖြင့် လက်ခံချုပ်ပေးခြင်း၊ ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချရန်အတွက် ကျားဝတ်၊ မဝတ် အထည်များကို ချုပ်လုပ်ပေးခြင်းလုပ်ငန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသင်း၏ အထည်ချုပ်လုပ်ငန်းသည် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အပြင် ပြည်ပပို့ကုန် တင်ပို့နိုင်ခြင်းကြောင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)
