ရန်ကုန် ၁၄ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိရာ စက်ရုံအများဆုံး တည်ရှိရာ လှိုင်သာယာမြို့နယ်၌ စက်မှုဇုန်ပေါင်း ၁၂ ဇုန်ရှိပြီး ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲဖြတ်သန်းလျက် စက်မှုဇုန်များ ဆက်လက်လည်ပတ်မှုဖြင့် အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိနေဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသသကြီးအတွင်းရှိ စက်မှုဇုန်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး သတ်မှတ်ချက်နှင့်အညီ လိုက်နာရန်လမ်းညွှန်ထားပြီး အဆိုပါ လမ်းညွှန်မှုအတိုင်း စက်ရုံများလည်ပတ်ရန် သက်ဆိုင်ရာ စက်မှုဇုန်ဥက္ကဋ္ဌများနှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့က ကြိုးပမ်းလျက်ရှိ၍ စက်ရုံများပိတ်ရန် အစီအစဉ်မရှိကြောင်း သိရသည်။
“ပြီးခဲ့တဲ့သုံးပွင့်ဆိုင် အစည်းအဝေးမှာ စက်ရုံတွေ ဆက်လက်လည်ပတ်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်မတို့နဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ပူပင်ရသလို အလုပ်သမားတွေ လုပ်ခလစာမပေးနိုင်မှာကိုလည်း ပိုပြီးပူရပါတယ်။ အလုပ်ရှင်များကလည်း စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ပြီး အလုပ်သမားများကလည်း စက်ရုံဆင်းချိန်ကားပေါ်မှာ နှာခေါင်းစည်းတပ်လျက် စကားမပြောကြဘဲ ကျန်းမာရေး စောင့်ရှောက်မှုကိုဂရုပြုဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုအောက်မှာ လုပ်ဆောင်နေတာကြောင့် စက်ရုံတွေပိတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီးနဲ့ စက်တင်ဘာ ၁၁ ရက်နေ့က သုံးပွင့်ဆိုင်တွေ့ဆုံမှုမှာ ပြောထားပါတယ်။ တစ်တိုင်းပြည်လုံး အခြေအနေကြည့်ပြီး လုပ်ကိုင်ရတာကြောင့် အလုပ်ရှိတဲ့စက်ရုံတွေ ဆက်ပြီး လည်ပတ်နေပါတယ်” ဟု အထည်ချုပ် လုပ်ငန်းရှင်များ အသင်းအထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
စက်ရုံအများဆုံး တည်ရှိရာ လှိုင်သာယာမြို့နယ်၌ စက်မှုဇုန်ပေါင်း ၁၂ ဇုန် ရှိပြီး အထည်ချုပ်စက်ရုံ ၄၀၀ ခန့်ရှိသော ရွှေလင်ပန်း စက်မှုဇုန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စက်ရုံ ၃ ရုံမှ လူနာနှင့် နီးစပ်သော သံသယရှိသူများကိုသာ အနားပေးခဲ့ကာ စက်ရုံများ ဆက်လက် လည်ပတ်နိုင်မှုကြောင့် အလုပ်သမားများ အလုပ်အကိုင် အဆင်ပြေလျက်ရှိသည်။
အဆိုပါပိုးတွေ့လူနာမှာလည်း စက်ရုံအလုပ်သမား အချင်းချင်းမှ ကူးစက်ခြင်းမဟုတ်ဘဲ ပြင်ပမှရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့၍ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဇုန်ကစက်ရုံသုံးရုံမှာ ရောဂါပိုးတွေ့သူ ရှိတယ်။ ပထမလူဦးရေ ၂၀၀ ကျော်ရှိတဲ့ ဂျပန်စက်ရုံက အလုပ်သမားတွေကို လစာအပြည့်နဲ့ ၁၀ ရက်ပိတ်ထားတယ်။ ဒုတိယ စက်ရုံက လူ ၁၅၀၀ ရှိတဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်သမားက သူအမေ့ကို ပြုစုရင်း သူ့အမေထံက ပိုးကူးစက်ခံရတယ်။ ဒါကြာင့်သူနဲ့ ဆက်စပ်တဲ့ လူ ၂၀ ကို အလုပ်ရပ်နားထားတယ်။ တတိယ စက်ရုံကိုလည်း လူနာနဲ့ပတ်သက်ပြီး ဆက်စပ်တဲ့သူတွေကို အလုပ်ကနားထားတယ်။ စက်ရုံပိတ်ဖို့ မတိုက်တွန်းပါဘူး။ ယခင်ထက်ပိုပြီး စက်ရုံတိုင်းမှာကျန်းမာရေး စောင့်ရှောက်မှုကို လုပ်ဆောင်နေပါတယ်။ ဒီကာလလက်တွေ့နယ်ပယ်မှာ လုပ်ကိုင်နေသူများနဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ချက် ချစေလိုပါတယ်။ အလုပ်သမားတွေကို လက်ဆင့်ကမ်း ညွှန်ကြားရတာ အခက်အခဲရှိလို့ပါ။ ကိုဗစ်နဲ့အတူ ဖြတ်သန်းပြီး ကျွန်တော်တို့ အလုပ်လုပ်ကြမယ်” ဟု ရွှေလင်ပန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။
လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန် ၁ မှ ၅၊ ဇုန် ၇ နှင့် ရွှေလက်ပန်း၊ ငွေပင်လယ်၊ ရွှေသံလွင်၊ အနော်ရထာ၊ မြစိမ်းရောင်နှင့် မွေးမြူရေး စက်မှုဇုန်တို့ဖြင့် စက်မှုဇုန် ၁၂ ဇုန် ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ဆက်စပ်သော အလုပ်သမားများကို အလုပ်မှ ယာယီရပ်နားထားလျက် စက်ရုံများ ဆက်လည်ပတ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ကိုဗစ်-၁၉ နှင့် အတူ ဖြတ်သန်း၍ စက်ရုံများ လုပ်ငန်းခွင်ဆက်လက် လည်ပတ်မှုဖြင့် အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်း ဆက်လက်ရှင်သန်လျက်ရှိကြောင်း သိရသည်။
သန်းထိုက်


