နေပြည်တော်  ၁၂   မေ 

 

ကျိုက်ဒေးယျုံဆံတော်ရှင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရတနာ ငှက်မြတ်နားတော်၊ ဘုံ(၃)ဆင့်ရွှေထီးတော်ဆက်ကပ်ခြင်း၊ လုံးတော်ပြည့်ရွှေရောင် စတီးသင်္ကန်းကပ်လှူခြင်း၊ ဗားမဲ့အောက်ဆံတော်ရှင်အပါအဝင် ဗားမဲ့ဂူဘုရား (၅) ဆူ အား ပြန်လည်ပြုပြင်၍ လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်းနှင့် ထီးတော် တင်လှူပူဇော်ခြင်း၊ ပေ (၄၀ဝ၀) ကွန်ကရစ်တောင်တက်ကားလမ်းဖောက်လုပ်ခြင်း၊ သာသနိကအဆောက်အဦများပြုပြင်တိုးချဲ့ခြင်း ၊ သောက်သုံးရေကန်အသစ်တိုးချဲ့ တည်ဆောက်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပသည်။ 

 

ရှေးဦးစွာ နံနက် ၈ နာရီ ၁၀ မိနစ်တွင် နိုင်ငံတော်ပရိယတ္တိသာသန တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဇောတိက ဓဇ ဂုဏ်ထူးဆောင် ဓမ္မပါရဂူ ဒေါက်တာဘဒ္ဒန္တကုမာရ ဆရာတော်ကြီးဦးဆောင်၍ မော်ကွန်းကမ္ဗည်း ကျောက်စာနှင့် ပေ (၄၀ဝ၀) ကွန်ကရစ်တောင်တက်ကားလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။      

 

ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ အရှင်သူမြတ်က အဖွင့်သြဝါဒမြွက်ကြားပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်၍ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွား သရဇ္စာုယ်ချီးမြှင့်တော်မူကြသည်။ 

 

ယင်းနောက် ကျိုက်ထီးဆောင်းဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပမှ စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရတနာ ငှက်မြတ်နားတော် ရွှေထီးတော်ဆက်ကပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။ 

 

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ 

 

ထို့နောက် ဇေကမ္ဘာမိသားစုမှ နဝကမ္မအလှူငွေကျပ်သိန်း (၃၀ဝ)ကို ကျိုက်ထီး ဆောင်းဒုတိယဆရာတော်ထံ ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာသော ဘုရား ဒါယကာ၊ ဒါယိကာမများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။ 

 

ယင်းနောက် ကျိုက်ထီးဆောင်းဒုတိယဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ  က လှူဒါန်းမှုအစုစုအတွက် ရေစက်ချ တရားဟောကြားအမျှပေးဝေကာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တို့အား ဒေဝါဝင်း ရာဇာဝင်းခြံရံလျက် စေတီတော် အထွဋ်သို့ပင့်ဆောင်ကာ ဆရာတော် အရှင်သူမြတ်တို့က ဇယမင်္ဂလာအောင်ဂါထာ များဖြင့် ရွတ်ဆိုပူဇော်၍ အောင်မြင်စွာ ထီးတော်တင်လှူပူဇော်သည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကြသည်။ 

 

သတင်း/ဓါတ်ပုံ- မင်းမင်း