ကျိုက်ဒုံ ၁၆ ဇူလိုင်

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာနမှ ဝက်ဒုံကျေးရွာ မိုးစပါးစိုက်ပျိုးတောင်သူ ဦးတင်ဝင်း လယ်ယာမြေ၌ သစ်စိမ်းမြေသြဇာကျွေးခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲ ကျင်းပသည်။

 

ရှေ့ဦးစွာကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က တောင်သူများကို နှားခေါင်းစည်းများ ဖြန့်ဝေ ဆောင်ရွက် ပေးခဲ့ပြီး ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နော်သူးလေထီး၊ ကျိုက်ဒုံမြို့ စိုက်ပျိုး​ရေးဦးစီးမှူး ဒေါ်လှမြင့်တို့က တောင်သူများကို လယ်ယာမြေများတွင် မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာထည့်သွင်းပေးရခြင်းဖြစ်ကြောင်း၊ ယင်းသို့ ထည့်သွင်းရာတွင် ပိုက်ဆံလျှော်ပင်များကို ရက်(၄၀)သားခန့်၌ မြေမြှုပ်ပြီး မြေသြဇာကျွေးရခြင်းဖြစ်ကြောင်း၊ အပင်များရှင်သန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြေသြဇာများကိုအသုံးပြုကြကြောင်း၊ မြေသြဇာများတွင် ဓာတ်မြေသြဇာ၊ သဘာဝ မြေသြဇာ၊ သစ်စိမ်း​မြေသြဇာ၊ ဇီဝမြေသြဇာ(၄)မျိုးရှိပါကြောင်း ဓာတ်မြေသြဇာအသုံးပြုပါက အချိန်ကြာ သည်နှင့် အမျှမြေဆီလွှာများ ထိခိုက်နိုင်ပါကြောင်း၊ထို​ကြောင့် သစ်စိမ်းမြေသြဇာ များကိုအသုံးပြုကြရန်နှင့် တောင်သူများ အသုံးပြုတတ်အောင် အလေ့အကျင့်​ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ တောင်သူအသိပညာပေးခြင်းများကို လာရောက်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ သရုပ်ပြပွဲသို့ တောင်သူ ၄၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ ပြန်/ဆက်)