ကျိုက်လတ် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ရေပြင်သက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းနှင့် တပ်ဖွဲ့များ၏ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇေယျာမင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေနစ်သူအား (Speed Board) ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ အဝေးထိန်း အသက်ကယ်ယာဉ်ဖြင့် ကယ်ဆယ်ခြင်းနှင့် ရေနစ်သူအား ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ပြုစုခြင်းတို့ကို လက်တွေ့လေ့ကျင့် သရုပ်ပြသခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်းသိရသည်။
ကျိုက်လတ် (ပြန်/ဆက်)