ကျိုက်မရော ၊ ၂၀ ဇန်နဝါရီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေပူကော့စပ်ကျေးရွာရှိ ရေပူကန်အား ခရီးသွားများ အနားယူအပန်းဖြေစရာ နေရာတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် DMO အဖွဲ့ဝင်များ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရွှေဟင်္သာ)ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်ဦးက ခရီးသွားကဏ္ဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသော ဒေသခံများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ တာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကြသည်။
ထို့နောက် DMO အဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပြီး ရေပူကော့စပ်ကျေးရွာရှိ ရေပူကန်သို့ ကွင်းဆင်းလေ့လာကြသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် သဘာဝရှုခင်းများ နေရာအနှံ့အပြားရှိသဖြင့် ခရီးသွားများ စိတ်ဝင်စားမည့် ခရီးစဉ်ဒေသအသစ် ထပ်မံဖော်ဆောင်နိုင်ရေးအတွက် ကွင်းဆင်းလေ့လာခဲ့ကြခြင်း ဖြစ်ကြောင်း ပြည်နယ်တာဝန်ခံ၏ ပြောပြချက်အရ သိရသည်။
ချိုချို(ပြန်/ဆက်)


