ကျိုက်မ​ရော ၊ ၂၀ ဇန်နဝါရီ    

 

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်၊​ ရေပူ​ကော့စပ်​ကျေးရွာရှိ ရေပူကန်အား ခရီးသွားများ အနားယူအပန်းဖြေစရာ​​ နေရာတစ်ခုအဖြစ် ​ဖော်​ဆောင်နိုင်ရန်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်​ရေးအတွက် DMO အဖွဲ့ဝင်များ၊​ ဒေသခံများနှင့်​ တွေ့ဆုံ​ဆွေး​နွေးပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက  မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန(​ရွှေဟင်္သာ)ခန်းမ၌ ကျင်းပသည်။

 

ဆွေး​နွေးပွဲတွင် မွန်ပြည်နယ် လူဝင်မှုကြီးကြပ်​ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က အဖွင့်အမှာစကား​ပြောကြားပြီး အမျိုးသားလွှတ်​တော် ကိုယ်စားလှယ် ဦးခင်ဇော်ဦးက ခရီးသွားကဏ္ဏ ဖွံ့ဖြိုးတိုးတက်​ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း​ဆွေး​နွေးသည်။ ထို့​နောက် ပြည်နယ်လွှတ်​တော် ကိုယ်စားလှယ်​ ဒေါ်ခင်မျိုးမြင့်က ခရီးစဉ်​ဒေသတစ်ခု​​အဖြစ် ဖော်​ဆောင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း​ဆွေး​နွေးသည်။

 

ဆက်လက်၍ တက်​ရောက်လာ​​သော ​ဒေသခံများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ တာဝန်ရှိသူများက သိလိုသည်များကို ​မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်​ဆွေး​နွေးကြသည်။ 
ထို့နောက် DMO အဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီ အဖွဲ့ဝင်များ ပူး​ပေါင်းပြီး​     ရေပူ​ကော့စပ်​ကျေးရွာရှိ​ ရေပူကန်သို့ ကွင်းဆင်း​လေ့လာကြ​သည်။

 

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်တွင် သဘာဝရှုခင်းများ​ နေရာအနှံ့အပြားရှိသဖြင့် ခရီးသွားများ စိတ်ဝင်စားမည့် ခရီးစဉ်ဒေသအသစ် ထပ်မံ​ဖော်​ဆောင်နိုင်ရေးအတွက် ကွင်းဆင်း​လေ့လာခဲ့ကြခြင်း ဖြစ်​ကြောင်း ပြည်နယ်တာဝန်ခံ၏ ​ပြောပြချက်အရ သိရသည်။

 

ချိုချို(ပြန်/ဆက်)