ကျိုက်မရော၊ ဧပြီ ၂
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်း အစောဆုံးဒူးရင်းသီးများ ထွက်ရှိသည့် ကလိုင်းကနိုင် ကျေးရွာ၌ ယိုးဒယားဒူးရင်းသီးမျိုးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ဒူးရင်းခြံရှင်များအနေဖြင့် ပေါ်ဦး ပေါ်ဖျား စျေးကောင်းရရန် မျှော်လင့်နေကြပြီး လူကြိုက်များသည့် ယိုးဒယားကိုင်းဆက်မျိုးဖြစ်၍ လူကြိုက်များ၍ ဝယ်လိုအားလည်းများသဖြင့် စိုက်ပျိုးသူများအဆင်ပြေလျက်ရှိသည်။
ကျိုက်မရောမြို့နယ်တွင် ဒူးရင်းပင်အမျိုးအစားပေါင်း များစွာစိုက်ပျိုးသည့်ထဲမှ ထိုင်းသီးနှင့် ဗမာသီးမျိုးကို ပို၍စိုက်ပျိုးကြကြောင်းသိရသည်။
ဒူးရင်းပင် ထိုင်းသီးကိုကိုင်းဆက်၊ ကိုင်းကူးနည်းဖြင့် အဓိကစီးပွားဖြစ် စိုက်ပျိုးကြပြီး ဗမာသီးကတော့ ကိုင်းဆက်စရာမလိုပဲ သဘာဝအတိုင်း အစေ့ကနေစိုက်ပျိုးရပြီး ၅ နှစ်ပြည့်မှ အသီးကောင်းကောင်း သီးနိုင်ကြောင်း၊ ဒူးရင်းသီးပင်တစ်ဧကလျှင် အပင်တန်းကြား ပေ ၃၀ ပတ်လည် စိုက်ပျိုးမည်ဆိုပါက အပင် ၅၀ အထိ စိုက်ပျိုးနိုင်ကြောင်း၊ အပင်များ ပိုးမကျစေရန်အတွက် သဘာဝမြေသြဇာများ ထည့်သွင်းခြင်း၊ အသီးကို ရှဉ့်များ မကိုက်စေရန် ဝါးခလောက်များကို အသံမြည်အောင် အပင်၌ ကြိုးဆွဲ၍ထားပေးရကြောင်း သိရသည်။ ယိုးဒယားဒူးရင်းသီးမျိုးကောင်း တစ်ဧကခန့်ရှိရုံဖြင့် တစ်နှစ်လျှင်ဝင်ငွေ ကျပ်သိန်းတစ်ရာခန့် ရရှိသဖြင့် ဒူးရင်းသီးများ စတင်ထွက်ရှိချိန်၌ ခြံရှင်များအနေဖြင့် ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရသည်။
မိချို(ကျိုက်မရော)