ကျိုက်မရော ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းလည်းရသဖြင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ လက်ပံကျေးရွာ၊ ကျုံစိန်ကျေးရွာနှင့် ခရုံကျေးရွာများသည် စိုက်ပျိုးရေးဖြင့် အဓိကစီးပွားရေးလုပ်ကိုင်ကြပြီး ဆောင်းသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများကို နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ကြဲပက်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး တစ်လခန့်အကြာတွင် အဖူး၊ အပွင့်လေးများ စတင်ပွင့်ကာ အပွင့်ပွင့်ပြီး အသီးသီး၍ ၁၅ ရက်အကြာတွင် အသီးများ ဖြိုင်ဖြိုင်သီးလာကာ ရင့်မှည့်ချိန် ဖေဖော်ဝါရီလကုန်တွင် ခူးဆွတ်အစေ့ထုတ်ကာ ရောင်းချနိုင်ပြီဖြစ်ကြောင်း လက်ပန်ကျေးရွာမှ ပဲတီစိမ်း စီးပွားဖြစ်စိုက်ပျိုးသူ တောင်သူဦးအောင်ကိုမင်းထံမှ သိရသည်။
ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက်ခင်းများရှိ အပင်များ သန်မာထွားကျိုင်းပြီး အသီးသီးနှုန်းလည်း အထူးကောင်းမွန်ကာ ပဲတီစိမ်းစေ့များ အောင်မြင်ကြောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ထိ ရောင်းချရကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ယခုထက်ကောင်းသော စျေးနှုန်းရရှိရန် မျှော်လင့်နေကြကြောင်း၊ ပဲတီစိမ်းဆွတ်ခူးရာတွင် အလုပ်သမားတစ်ဦးအတွက် တစ်ရက်လျှင် ၄၀၀၀ ကျပ် ပေးရပြီး တစ်ဧကစိုက်ခင်းတစ်ခင်းတွင် အလုပ်သမား ၁၀ ဦးမှ ၁၂ ဦးထိ ငှား၍ ဆွတ်ခူးရကြောင်း၊ ယခုနှစ်တွင် ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးပေးထားသဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများဖြင့် အဆင်ပြေစွာ စိုက်ပျိုးနိုင်ကြကြောင်း ခရုံကျေးရွာမှ တောင်သူ ဦးပါရေးထံမှ သိရကာ ယခုနှစ် ပဲတီစိမ်းများ အထွက်နှုန်းကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးသူများ အဆင်ပြေကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


