ကျိုက်မရော ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ၌ ရာသီမရွေးစိုက်ပျိုးနိုင်သည့် ကြက်ဟင်းခါးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဘိန်းဗျောကျေးရွာမှ ကြက်ဟင်းခါးသီး စိုက်ပျိုးရောင်းချသူ ဦးစည်သူထံမှ သိရသည်။

အဆိုပါ ကြက်ဟင်းခါးသီးပင်များကို နိုဝင်ဘာလဆန်းမှ စတင်စိုက်ပျိုးခဲ့ကြပြီး ကြက်ဟင်းခါးပင်ကို အစေ့မှပျိုး၍ အညွှန့်တက်လာပါက စင်ပေးကာ စနစ်တကျစိုက်ပျိုးကြကြောင်း၊ ဇန်နဝါရီလ ပထမအပတ်တွင် စတင်ခူးဆွတ်နိုင်ပြီး တစ်လုံးလျှင် ကျပ် ၂၀၀ ရရှိကာ တစ်နေ့လျှင် အတောင့်ရေ ၃၀၀ မှ ၄၀၀ အထိ ခူးဆွတ်နိုင်ပြီး ၃ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးလျှင် ဝင်ငွေ ကျပ် ၇၀၀၀၀ ရရှိကာ တစ်လလျှင် ငွေကျပ် တစ်သိန်းကျော်ရရှိသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချနိုင်ပြီး နေ့စဉ်ပုံမှန်ငွေရရှိသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဘိန်းဗျောကျေးရွာသည် စိုက်ပျိူးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာဖြစ်၍ ရေမြေ သဘာဝမြေသြဇာလည်း ကောင်းမွန်ပြီး သီးနှံပင်များ အထူးဖြစ်ထွန်းအောင်မြင်သဖြင့် အချို့က တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသလို အချို့က စီးပွားဖြစ် စိုက်ပျိုးရောင်းချကြကြောင်း ဒေသခံ သီးနှံစိုက်တောင်သူများထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)