ကျိုက်မရော ၃၁ သြဂုတ်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း သြဂုတ်လ ၂၅ ရက်မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့ရာ ယနေ့နံနက်ပိုင်း အတ္တရံမြစ်ရေသည် (၄၅၄) စင်တီမီတာသို့ ပြန်လည်ရောက်ရှိလာပြီး ဒုတိယအကြိမ် အနိမ့်ပိုရပ်ကွက်ရှိ အိမ်များ၊ စာသင်ကျောင်းများအတွင်းသို့ မြစ်ရေများ ဝင်ရောက်လျက်ရှိရာ အထကခွဲ ကျိုက်မရောကျောင်းအတွင်းသို့ ရေစတင်နစ်မြုပ်နေသဖြင့် ကျိုက်မရောလူငယ်ပရဟိတအဖွဲ့ခေါင်းဆောင် ဦးစောထူးလေးနှင့် လူငယ်များက အချိန်မီသွားရောက်ပြီး ကျောင်းအတွင်းရှိ ပစ္စည်းများစာသင်ခုံစာရေးခုံများနှင့် အတန်းငယ်ကလေးများကို ရေလွတ်ရာသို့ ကူညီသယ်ယူပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရှင်စောပုရပ်ကွက် အနိမ့်ပိုင်းနေအိမ်များသို့လည်း မြစ်ရေများစတင်ဝင်ရောက်နေပြီဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် ဒုတိယအကြိမ် ရေထပ်မံကြီးလာမည်ကို စိုးရိမ်နေကြပြီး အချို့မှာကုန်းမြင့်ပိုင်းရှိ နေရာများသို့ ဒုတိယအကြိမ် ပြန်လည်ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


