ကိုးကန့်ဒေသ ပါစင်ကျော်၊ ကွမ်းလုံ၊ သိန်းနီနှင့် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်ဒေသ ဘက်တို့တွင် တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်မှုအခြေအနေအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေကတော့ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းအထိ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ ကိုးကန့်ဒေသ ပါစင်ကျော်နားမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွား နေတာရှိပါတယ်။ တပ်မတော်အနေနဲ့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ခုကတော့ MNDAA အဖွဲ့အနေနဲ့ နယ်ခြားမှတ်တိုင် ၁၂၅ နားမှာ ရှိတဲ့ စစ်ဘေးရှောင်အဖွဲ့တွေကို နှစ်နိုင်ငံအထင်အမြင် လွဲမှားအောင် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာရှိတယ်။ ကွမ်းလုံမှာတော့ တပ်မတော်အနေနဲ့ စစ်ဗျူဟာအရ ဟပေးခဲ့တာတွေ ရှိပါတယ်။ အဆိုပါနေရာတွေကို MNDAA အဖွဲ့က ခိုးကြောင်ခိုးဝှက်လာပြီး ဓာက်ပုံရိုက်ပုံစံမျိုးတော့ရှိပါတယ်။ သိန်းနီဘက်မှာတော့ တပ်မတော်အနေနဲ့ နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီနေ့တစ်နေကုန်မှာတော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ မြို့အပြင်မှာလာပြီးတော့ အဝေးမှပစ်ခတ်မှုတွေရှိတယ်။ တပ်မတော်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ အကြမ်းဖက်သောင်းကျန်းသူတွေ အလောင်း၊ လက်နက် ကျန်ခဲ့တာတွေ ရှိပါတယ်။ ထီးချိုင့်မြို့ပေါ်တော့ တစ်ရက်တုန်းက ထီးချိုင့်မြို့ထဲအထိ KIA၊ PDF တွေ ဝင်ရောက်လာတာရှိတယ်။ ဒါတွေကို တပ်မတော်အနေနဲ့ ဒီနေ့မှာ ပြန်လည်တိုက်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။ သူတို့ဆီက အလောင်း၊ လက်နက်တော်တော်များများ ရလိုက်တာရှိပါတယ်။ ထီးချိုင့်မြို့မှာ၊ လွိုင်ကော်ဘက်မှာပါ ရှမ်းပြည်နယ်အရှေ့ မြောက်ဘက်ဒေသ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ကြတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေဒေသအသီးသီး မှာ နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေလုံခြုံရေး၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ကြတဲ့ တပ်မတော်သားများ၊ လုံခြုံရေးဆောင်ရွက် နေကြတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဆက်စပ်မဟာမိတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အားလုံးကို ဒီနေရာမှ အသိအမှတ်ပြုကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ပြီးရင်တော့ ငြိမ်းချမ်းတည်ငြိမ်တဲ့ အခြေအနေမျိုးကို ဆက်လက်တည်ဆောက်သွားပါမယ်။