လောက်ကိုင် ၂၇ ဇွန်    
    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ခရိုင်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မူးယစ်ဆေးဝါး ပပျောက်ရေး ပြတိုက်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကျော်ကျော်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။


ဆက်လက်၍ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ် ဒေါက်တာလှထွန်းမှ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောခဲ့ပြီး အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အန္တရာယ်လျော့ပါးရေးအဖွဲ့(AHRN)တာဝန်ခံ ဒေါက်တာစိုးသက်လွင်မှ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သောအန္တရာယ် လျော့ပါးရေး အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ နံရံကပ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN