ကျိုက်ထို ၁၆ မေ 

 

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထီးရိုး တောင်တန်း၌ မေ ၁၅ ရက် ည ၁၁ နာရီတွင် မိုးသည်းထန်စွာရွာသွန်းပြီး ကျိုက်ထီးရိုးတောင်၊ မြစိမ်းတောင်၊ စမတောင်လျှိုအတွင်းသို့ မိုးကြိုးများပစ်ခတ်ခဲ့ရာ မိုးကြိုးဒဏ်ကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ကျောက်လုံးတော်ကြီး၏ အနောက်မြောက်ဘက် အမျိုးသားများ ရွှေသင်္ကန်းကပ်လှူပူဇော်သည့် အထက်ဘက် (၂) ပေခန့်နှင့် ယင်းနေရာ၏အထက် (၃) ပေ ခန့်အကွာတွင်  စေတီတော်နှင့် ကျောက်လုံးတော်ကြီး ထိစပ်သည့် နေရာမှ သစ်စီး(စစ်စီး) နှင့် ရွှေသရိုးဖတ်များ ကွာကျသဖြင့် အစက်အပျောက်များ ဖြစ်ပေါ်လာကြောင်း သိရသည်။

 

IMG-39

 

မေ ၁၆ ရက် နံနက် ၆ နာရီခွဲတွင် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းနှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ကွာကျခဲ့သည့် ရွှေစများကို စုစည်းသိမ်းဆည်းခဲ့သည်။


          
ယင်းဖြစ်စဉ်ကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိသော်လည်း ရင်ပြင်တော်တွင် တပ်ဆင်ထားသော CCTV ကင်မရာ (၇၂) လုံးအားထိန်းချုပ်သည့် System Unit  လောင်ကျွမ်း သွားခဲ့ပြီး CCTV ကင်မရာ ပျက်စီးမှုအလုံးရေအား စစ်ဆေးလျက်ရှိကြောင်းနှင့် ကျောက်လုံးတော်တွင် ရွှေသင်္ကန်း ကွာကျခဲ့သည့် နေရာများအား ဂေါပကအဖွဲ့က ပြန်လည်ကပ်လှူရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းမောင်  (ကျိုက်ထို)

 

IMG-316