ကျိုက်ထို ၂၈ ဩဂုတ်
ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးအကျိုးတော်ဆောင် ကော်မတီအဖွဲ့တို့ပူးပေါင်း၍ ကျိုက်ထိုမြို့ ပြည်သူ့ဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ဩဂုတ် ၂၈ နံနက်ပိုင်းက ထပ်မံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသိပညာပေးရာတွင် ကိုဗစ်-၁၉ ရောဂါကို ပိုမိုသတိပြုကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်နှင့် လမ်းညွှန်ချက်များကို လှည့်လည်ကြေညာပေးခြင်း၊ ဈေးအတွင်းသို့ ၀င်ရောက်လာသော ဈေးရောင်း/ ဈေးဝယ်သူများအနေဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ပြီး ဈေးအတွင်းသို့ဝင်ရောက်ခြင်း၊ အိမ်အပြင်နှင့် လူထူထပ်သည့် နေရာများသို့ သွားရောက်ရာတွင် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာရန်နှင့် လက်ကိုစင်ကြယ်အောင် ဆပ်ပြာဖြင့် မကြာခဏ စနစ်တကျ ဆေးကြရန် စသည့်ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး Mask မပါပဲ ဈေးအတွင်းသို့ လာသူများအား Mask များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာ၀န်ခံ ဦးမျိုးအောင် နှင့်၀န်ထမ်းများ၊ ဈေးအကျိုးတော်ဆောင် ကော်မတီဥက္ကဋ္ဌ ဦးလှတင်နှင့် အဖွဲ့၀င်များက ဈေးအတွင်း လိုက်လံနှိုးဆော်ခြင်း၊ Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းမောင် (ကျိုက်ထို)


