ကျိုက်ထို ၁၆ သြဂုတ်
ပြည်တွင်း၌ အရည်အသွေးမြင့်သစ်များ ထုတ်လုပ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သမဝါယမအသင်းစုမှ အသင်းပိုင်မြေများပေါ်တွင် ပိတောက်အစားထိုးသီးနှံအဖြစ် မန်ဂျန်ရှားပင် အပင် ၄၃၀၀ ကို ပင်ကြား၊ တန်းကြား ၉ ပေကွာ၍ စိုက်ပျိုးပြီး သီးညှပ်အဖြစ် ခရမ်းပင် ၄၆၀၀ နှင့် နနွင်းမျိုးပိဿာ ၃၀၀ တို့ကိုလည်း စိုက်ပျိုးထားရှိသည်။
မန်ဂျန်ရှားပင်မှာ အပင်ငယ်ဘဝတွင် စက္ကူပျော့ဖတ်နှင့် အရည်အသွေးမြင့်စက္ကူများကို ထုတ်လုပ်နိုင်ကာ ၆ နှစ်မှ ၁၀ နှစ် သက်တမ်းရှိလာပါက ရောင်းတန်းဝင်အရည်အသွေးမီ သစ်မျိုးကောင်းဖြစ်လာပြီး ပင်စည်လုံးပတ် ဖြောင့်စင်းသည့်အတွက် ဒေသအတွင်း အိမ်သုံးပရိဘောဂအဖြစ် အသုံးပြုနိုင်သည်။
ကျိုက်ထိုမြို့နယ် သမဝါယမအသင်းစုအနေဖြင့် နှစ်လတ်သီးနှံနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်းနှင့် ရာသီပေါ်သီးနှံများထွက်ရှိပါက ဒေသခံပြည်သူများသို့ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။
MDN