နေပြည်တော် ၁၆ ဩဂုတ်

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာတွင် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ်လ ဒုတိယပတ်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပကြောင်း သိရသည်။

 

အခမ်းအနားတွင် သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးဝင်းက  ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်ပေးရခြင်းမှာ ကျေးလက်နေပြည်သူများ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိနိုင်စေရန်၊ ရရှိသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ဖြစ်ကြောင်း၊ စီမံကိန်းမှ ထောက်ပံ့ပေးသည့် မတည်ရန်ပုံငွေများအား ကျေးလက်နေ ပြည်သူအများ၏ သဘောတူညီချက်ဖြင့် ကျေးရွာလူထုကိုယ်တိုင် စီမံခန့်ခွဲအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကျိုက်ထိုမြို့နယ်အတွင်း စီမံကိန်းဆောင်ရွက်မည့် မဲရုံကြီးကျေးရွာ၊ ကျောက်ရေကန်ကျေးရွာ၊ ပိတောက်ကုန်းကျေးရွာနှင့် ဆောင်နိုင်ဂွ ကျေးရွာများအတွက် ငွေကျပ် သိန်း ၃၀၀ စီကိုလည်းကောင်း၊ ပိန္နဲကုန်းကျေးရွာအတွက် ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း စုစုပေါင်း ကျေးရွာငါးရွာအတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၃၀၀ ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စီမံကိန်းကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

သီဟစည်သူ