နေပြည်တော် ဇူလိုင် ၇
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့အခြေစိုက် ကိုလံဘိုစီမံကိန်း (Colombo Plan) သည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ရန် စီမံကိန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များကို အလေးထားဆောင်ရွက်သည့် အဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံပါဝင်သော အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနသည် ကိုလံဘိုစီမံကိန်း၏ မြန်မာနိုင်ငံဆိုင်ရာ Coordinating Agency အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ကိုလံဘိုစီမံကိန်းတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အတွင်းရေးမှူးချုပ်ရာထူးနေရာသည် ၂ဝ၂၆ ခုနှစ်၊ ဧပြီလကုန်တွင် သက်တမ်းပြည့်မည်ဖြစ်၍ ၂၀၂၆ ခုနှစ်၊ မေလမှ ၂၀၃၀ ပြည့်နှစ်၊ ဧပြီလအထိ ၄ နှစ်သက်တမ်းအတွက် ကိုလံဘိုစီမံကိန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်တစ်ဦး အဆိုပြုလျှောက်ထားရန် ကိုလံဘိုစီမံကိန်း အတွင်းရေးမှူးချုပ်ရုံးမှ ဖိတ်ခေါ်စာနှင့် လုပ်ငန်းစဉ်လမ်းညွှန် ဖြန့်ဝေထားရှိသည်။
အဆိုပါ ကိုလံဘိုစီမံကိန်း အတွင်းရေးမှူးချုပ်ရုံး၏ ဖိတ်ခေါ်စာအရ အဆိုပြု လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအချက်အလက် အပြည့်အစုံနှင့် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ထောက်ခံစာတို့ကို ၁၈-၉-၂၀၂၅ ရက်မတိုင်မီ Email ဖြင့်လည်းကောင်း၊ လျှောက်လွှာမူရင်းကို ချိတ်ပိတ်စာအိတ်ဖြင့်လည်းကောင်း ကိုလံဘိုစီမံကိန်းကောင်စီသို့ အောက်ပါအတိုင်း လိပ်မူပေးပို့ရမည်ဖြစ်ပါသည်-
The President of the Colombo Plan Council
Represented by:
Dustin Bickel
Regional indo-Pacific Strategy Coordinator
C/o U.S. Embassy Colombo
210 Galle Road, Colombo 3, Sri Lanka
Email: [email protected]
ထို့ပြင် ကိုလံဘိုစီမံကိန်း၏ အတွင်းရေးမှူးချုပ် ရာထူးနေရာအတွက် လျှောက်ထားသူများအနေဖြင့် အောက်ပါသတ်မှတ်ချက်များ ပြည့်မီရမည်ဖြစ်သည်-
(က) South-South Cooperation နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အခြေခံဗဟုသုတရှိခြင်း၊
(ခ) ကိုလံဘိုစီမံကိန်း၏ အတွင်းရေးမှူးချုပ်ရုံးကို ဦးဆောင်နိုင်သည့် သာလွန်သော ခေါင်းဆောင်မှု အရည်အသွေးရှိခြင်း၊
(ဂ) အစိုးရ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံအနည်းဆုံး နှစ် ၂၀ ခန့်ရှိခြင်း၊
(ဃ) အင်္ဂလိပ်ဘာသာ အပြောနှင့်အရေး ကျွမ်းကျင်ခြင်း၊
(င) စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ဗျူဟာမြောက်စီမံကိန်းများ ရေးဆွဲခြင်းနှင့် ရလဒ်ကောင်းများရရှိနိုင်ရေး စီမံခန့်ခွဲနိုင်ခြင်း စသည့် စွမ်းဆောင်ရည်ရှိခြင်း၊
(စ) အဆင့်မြင့်စီမံခန့်ခွဲမှု အတွေ့အကြုံနှင့် ခွဲခြမ်းစိတ်ဖြာနိုင်သည့် စွမ်းရည်၊ သံတမန်ရေးရာနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူဖြစ်ခြင်း၊
(ဆ) ပညာအရည်အချင်းအနေဖြင့် PhD ရရှိထားသူ မဟုတ်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဆိုင်ရာ ပြဿနာများနှင့်စပ်လျဉ်း၍ အသိပညာ/ ဗဟုသုတရှိပြီး လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ခြင်း၊
(ဇ) Colombo Plan အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအကြောင်း ကောင်းစွာသိရှိနားလည်၍ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် နည်းပညာဆိုင်ရာကိစ္စများအား ထိုးထွင်းသိမြင်နိုင်သူဖြစ်ခြင်း၊
(ဈ) သက်ဆိုင်ရာနယ်ပယ်တွင် ဆောင်းပါးတစ်ခုခု ထုတ်ဝေခဲ့သူဖြစ်ပါက ဖော်ပြပါရာထူးနေရာအတွက် အထောက်အကူဖြစ်စေနိုင်ခြင်း။
၂၀၂၆ ခုနှစ်၊ မေလမှ ၂၀၃၀ ပြည့်နှစ်၊ ဧပြီလအထိ ၄ နှစ်သက်တမ်းရှိ ကိုလံဘိုစီမံကိန်း၏ အတွင်းရေးမှူးချုပ် ရာထူးနေရာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီသူများ အချိန်မီ လျှောက်ထားနိုင်ပြီး ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ဖုန်း ၀၆၇ ၃၄၀၇၃၄၅ နှင့် Email: [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ @MDN