ကျိုင်းလပ် ၁၂ ဩဂုတ် 

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြိုတွင် Covid-19 စီးပွားရေး ကုစားမှု (CEPR) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံဆံခတ်က အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်းက မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားကာ၊ ကျိုင်းလပ်မြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမင်းအောင်က စိုက်ပျိုးဧက ၁ ဧကလျှင် မျိုးစရိတ် ထောက်ပံ့ငွေကျပ် ၈၅၀၀၊ စိုက်ပျိုးစရိတ် ကျပ် ၇၅၀၀၀ ဖြင့်၊ တောင်သူ ၃ ဦးအတွက် စုစုပေါင်း စိုက်ပျိုးဧက ၂၀ နှုန်း အတိုင်းအတာတိုင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို တာချီလိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ စိုက်ပျိုးရေးဦးစီးဌာန တာချီလိတ်မြို့နယ် ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်၊ တာလေမြို့ ဦးစီးမှူး ဦးနေလင်း၊ ကျိုင်းလပ်မြို့ ဦးစီးမှူး ဦးစိုးမင်းအောင်နှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး၊ မျိုးကွဲနုတ်ပယ်ခြင်းအတွက် ထောက်ပံ့ငွေများကိုလည်း ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း ကျိုင်းလပ်မြို့ ဦးစီးမှူး ဦးစိုးမင်းအောင်ထံမှ သိရသည်။

 

ကျော်ဇေယျာလင်း (ကျိုင်းလပ်)