ကြို့ပင်ကောက် ၂၁ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေလ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန်က (၄)ကြိမ်မြောက် လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ ရပ်ကွက် (၂)ခု၊ ကျေးရွာအုပ်စု ၂၀ မှ ပြိုလဲအိမ် (၆၂)လုံး၊ နေအိမ် (၅၇၃)လုံး၊ ဆေးပေးခန်း ၁ ခု၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၆၃၅)စုမှ လေဘေးသင့်ပြည်သူ(၂၁၉၉)ဦး လေးဘေးဒုက္ခခံစားနေရကြောင်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် မတ်လတွင်(၁)ကြိမ်၊ ဧပြီလတွင်(၁)ကြိမ်နှင့် မေလအတွင်း ယခုအကြိမ်အပါအဝင် (၇)ကြိမ် စုစုပေါင်း လေပြင်းတိုက်ခတ်မှု(၉)ကြိမ်ဖြစ်ပွားခဲ့ရာ စုစုပေါင်းအိမ်ခြေ (၁၀ဝ၀)ကျော် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။
လေးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်မှု (၈)ကြိမ် ဆောင်ရွက်ခဲ့ပြီး ပြိုလဲနေအိမ်များကို အိမ်အသုံးအဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ၊ အမိုးလန်နေအိမ်များအား ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြိုလဲနေအိမ်များအတွက် မိသားစုအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ အမြန်ဆုံးရရှိအောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
