ရန်ကုန် ၂၅ ဖေဖော်ဝါရီ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍  အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

3

 

ဟောပြောပွဲတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သီရိဝင်းဆွေထွန်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ ရောဂါအမျိုးအစား၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုအခြေအနေများ၊ ဆက်လက်ဖြစ်ပွားလာသည့် နိုင်ငံများ၊ နိုင်ငံဝင်ပေါက် ထွက်ပေါက်များတွင် စစ်ဆေးမှု အခြေအနေများကို တက်ရောက်လာသူများအား အသိပညာ‌ပေး ဟောပြောခဲ့သည်။

 

2

 

ဆက်လက်၍ လက်ထောက်ကျန်းမာရေးမှူး ဒေါက်တာနော်ဆုဆုလွင်က "ကျွန်မတို့ ကျန်းမာရေးဦးစီးဌာန အနေနဲ့ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်း‌တွေမှာ ဆောင်ရွက်ပြီး ဖြစ်ပါတယ်၊ ဈေးတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာလည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါရဲ့ အခြေအနေ၊ အမျိုးအစား၊ ကူးစက်ပုံ၊ ကာကွယ်ရေးနည်းလမ်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အရေးကြီးတဲ့ စနစ်တကျ လက်ဆေးခြင်းနဲ့ နှာခေါင်း/ပါးစပ်စည်း (mask) စနစ်တကျ အသုံးပြုပုံနည်းလမ်းများကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယခုလို အသိပညာပေး ဟောပြောဆွေးနွေးမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။  

မြင့်ရီ(ပြန်/ဆက်)

 

1