ရန်ကုန် ၂၅ ဖေဖော်ဝါရီ
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သီရိဝင်းဆွေထွန်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ ရောဂါအမျိုးအစား၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုအခြေအနေများ၊ ဆက်လက်ဖြစ်ပွားလာသည့် နိုင်ငံများ၊ နိုင်ငံဝင်ပေါက် ထွက်ပေါက်များတွင် စစ်ဆေးမှု အခြေအနေများကို တက်ရောက်လာသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ လက်ထောက်ကျန်းမာရေးမှူး ဒေါက်တာနော်ဆုဆုလွင်က "ကျွန်မတို့ ကျန်းမာရေးဦးစီးဌာန အနေနဲ့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေမှာ ဆောင်ရွက်ပြီး ဖြစ်ပါတယ်၊ ဈေးတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာလည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါရဲ့ အခြေအနေ၊ အမျိုးအစား၊ ကူးစက်ပုံ၊ ကာကွယ်ရေးနည်းလမ်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အရေးကြီးတဲ့ စနစ်တကျ လက်ဆေးခြင်းနဲ့ နှာခေါင်း/ပါးစပ်စည်း (mask) စနစ်တကျ အသုံးပြုပုံနည်းလမ်းများကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယခုလို အသိပညာပေး ဟောပြောဆွေးနွေးမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
မြင့်ရီ(ပြန်/ဆက်)


