သထုံ ၁၀ ဇူလိုင်  


မွန်ပြည်နယ်၊ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီမှ သထုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်များ ဝယ်ယူရန်နှင့် ပရိဘောဂများ ဖြည့်ဆည်းနိုင်ရေး ရန်ပုံငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ရှေးဦးစွာ မွန်ပြည်နယ်အစိုးအရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ စာအုပ်စာပေများကို လက်လှမ်းမှီစွာ စာပေဖတ်ရှုနိုင်အောင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊  မွန်ပြည်နယ်အတွင်း ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များကို ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်၌ အမှန်တကယ် ရှင်သန်ခိုင်မာသည့် စာကြည့်တိုက်  (၇၄)တိုက်ကျန်ရှိသည်ဟု သိရပါကြောင်း၊ စာကြည့်တိုက်များကို ရေရှည်တည်တံ့ဖို့နှင့် စာအုပ်စာစောင် ပရိဘောဂများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ် ကိုယ့်အား ကိုယ်ကိုးစာကြည့်တိုက်များ ရန်ပုံငွေကြီးကြပ်ရေး ကော်မတီ၏ ဘဏ်တိုးရငွေများမှ ပံ့ပိုးကူညီပေးခြင်း ဖြစ်ပြီး ဆက်လက် ကူညီနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ယင်းသို့ ကူညီနိုင်ရန်အတွက် အရင်းမပျောက်ရန်ပုံငွေပဒေသာပင်ကို ထည့်ဝင်လှူဒါန်းပေးကြရန်လည်း ဖိတ်ခေါ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ မွန်ပြည်နယ်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရန်ပုံငွေကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်မှူး ဒေါ်နီနီချိုက စာကြည့်တိုက်များသို့ ရန်ပုံငွေပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း (မွန်ပြည်နယ်)ဥက္ကဋ္ဌ ဦးချိုချိုက စာအုပ်များ လှူဒါန်းရခြင်း တို့ကို ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်မှူးက သထုံခရိုင်အတွင်းရှိ ရှင်သန်နေသော ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် (၃၄) တိုက်အတွက် (၁) တိုက်လျှင် (၈၅၀ဝ၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၈၉၀ဝ၀ဝ)ကျပ်၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း (မွန်ပြည်နယ်) ဥက္ကဋ္ဌက စာအုပ်စာစောင်များအား သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်ထံသို့ ပေးအပ်လှူဒါန်းသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သထုံခရိုင်ဦးစီးအရာရှိက ရန်ပုံငွေများအား သထုံ၊ ကျိုက်ထို၊ ဘီးလင်းနှင့် ပေါင်မြို့နယ်တို့ရှိ ရှင်သန်နေသော ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ ခွဲဝေပေးအပ်ရာ မြို့နယ်အလိုက် တာဝန်ခံများကလက်ခံရယူပြီး သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ထာဝရ အလင်းတန်း စာကြည့်တိုက်တာဝန်ခံ ဦးထွန်းထွန်းနိုင်က လှူဒါန်းပေးမှုများအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။


MDN